ဆုမွန်၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ၁၀၅ မိုင်
ညီနောင်မဟာမိတ်(၃) ဖွဲ့ ပူပေါင်းထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ကျင်စန်းကျော့မှာ အမျိုးသမီး ၈ ဦးကို တရုတ်နိုင်ငံဘက်သို့ လူကုန်ကူးဖို့ ပြင်ဆင်တဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီးတစ်ဦးကို ညီနောင်မဟာမိတ် အုပ်ချုပ်ရေး ကော်မတီရုံးအဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၃ နာရီဝန်းကျင်မှာ အဆိုပါအမျိုးသား ၃ ဦးထဲက တစ်ဦးဟာ ၎င်းတို့ လူကုန်ကူးဖို့ထိန်းသိမ်းထားတဲ့ အသက် ၁၉ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို အတင်းအဓမ္မပြုကျင့်ခဲ့ပြီး ၎င်းအမျိုးသမီးက ထွက်ပြေးလွှတ်မြောက်သွားခဲ့တာလို့ ဆိုပါတယ်။
“သူတို့ မိန်းကလေးတွေခေါ်ပြီး ကျင်စန်းကျော့မှာရှိတဲ့ နေအိမ်တစ်ခုမှာ ခေါ်ထားတယ်။ သူတို့ခေါ်ထားတဲ့ထဲမှာ မိန်ကလေးတစ်ယောက်က အခန်းကနေ ထွက်ပြေးလာပြီး ၁၀၅ မိုင်ဘက် ထွက်ပြေးလာတယ်။ အုပ်ချုပ်ရေးကော်မတီရုံးဆီမှာ လာတိုင်သွားတယ်။ ညီနောင်မဟာမိတ်၃ ဖွဲ့က အဲမှာသွားပြီး သူတို့ကို ဖမ်းမိတာပေါ့။ အခုကော်မတီရုံးမှာ သူတို့ကို စစ်ဆေးနေတုန်းပဲ။ လူကုန်ကူးမှုမှာပါတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၃ ဦး ဖမ်းဆီးထားတယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဆိုပါ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးက အဲဒီအမျိုးသားတွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့နေအိမ်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့တဲ့အချိန်မှာ နောက်ထပ်အမျိုးသမီး ၇ ဦးကိုလည်း ထပ်မံတွေ့ရှိခဲ့ပြီး ပြစ်မှုကျူးလွန်တဲ့သူကိုလည်း ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြစ်မှုကျူးလွန်တဲ့ တရားခံအမျိုးသားတစ်ဦးကို ဖမ်းဆီးရရှိပြီးနောက် ညီနောင်မဟာမိတ် ၃ ဖွဲ့တာဝန်ရှိသူတွေက ၎င်းကို စစ်ဆေးမေးမြန်းရာကနေ နောက်ထပ်ကြံရာပါ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးတစ်ဦးကိုလည်း ထပ်မံဖမ်းမိခဲ့တာဖြစ်ပါတယ်။
အဆိုပါ အမျိုးသမီး ၈ ဦးကို တရုတ်ပြည်သို့ သွားရောက်အလုပ်လုပ်ကိုင်ရမယ်ဆိုပြီး တစ်ဦးကို တရုတ်ယွမ် ၃၅၀၀ (ငွေကျပ်သိန်း ၂၀ ကျော်) နဲ့ လူကုန်ကူးဖို့ စီစဉ်နေကြောင်း အထက်ပါအမျိုးသားက ပြောပါတယ်။
လက်ရှိမှာတော့ ဖမ်းမိထားတဲ့ တရားခံတွေကို ညီနောင်မဟာမိတ် အုပ်ချုပ်ရေး ကော်မတီရုံးအဖွဲ့က ၎င်းတို့ကို အမှုဖွင့်ထားပြီး ဆက်လက်စုံစမ်းစစ်ဆေးနေတာ ပြုလုပ်နေတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။