ဆုမွန်၊ ဖေဖော်ဝါရီ ၁၄ ရက်၊ လားရှိုး
ကိုးကန့်တပ်-(MNDAA) ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လားရှိုးမြိနယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်ပေးတာဖြစ်ပြီး ၅ ဦးကိုတော့ ကိုးကန့်တပ်က လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာမှာ ရွှေလာရောက်တူးဖော်နေတဲ့ ကိုးကန့်တပ်ဟာ ဒေသခံတွေရဲ့ ခွင့်ပြုချက်မရရှိဘဲ ရွှေတူးဖော်နေတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ ဒေသခံတွေက ကန့်ကွက်ဆန္ဒပြကြခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ သိန္နီမြို့ဘက် ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ဆန္ဒပြသူ (၉) ဦးထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်က (၄) ဦးကိုသာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး ကျန်တဲ့ (၅)ဦးကိုတော့ ကိုးကန့်တပ်က လက်ရှိအချိန်ထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။
“ပြန်မလွတ်သေးတာ ၅ ယောက်ကျန်သေးတယ်။ သူတို့ရိုက်နှက်ခံရတာတွေလည်း ရှိတယ်။ ပြန်လွှတ်လာတဲ့ ၄ ဦးကို ရိုက်နှက်ခံရတာ အဲလောက်ကြီးမဟုတ်ပေမဲ့ ကျန် ၅ ဦးကိုတော့ မသိရဘူး”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရပြီး ပြန်လွှတ်လာတဲ့ ဒေသခံ ၄ ဦးကိုလည်း ကိုးကန့်တပ်က ရိုက်နှက်ခဲ့တာတွေလည်း ရှိတယ်လို့ အဆိုပါအမျိုးသားက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ ဆန္ဒပြကြတဲ့ ဒေသခံတွေနဲ့ MNDAA တပ်ဖွဲ့ဝင်တွေက အချင်းချင်းအငြင်းပွားခဲ့ပြီး အဲထဲက ဒေသခံ ၃၆ ဦးကို MNDAA က သိန္နီမြို့ဘက်သို့ ခေါ်ဆောင်သွားကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်မှာပဲ ၂၇ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒါ့အပြင် MNDAA ဖမ်းဆီးခံရတဲ့ ဒေသခံ ၉ ဦးကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ရှမ်းအဖွဲ့အစည်း ၁၁ ဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်မှာ ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။