By သုတ၊ ရွှေဖီမြေ
ရှမ်းမြောက် သိန္နီမြို့ဟာ အုပ်ချုပ်သူအပြောင်းအလဲနောက်ပိုင်း တရုတ်လုပ်ငန်းရှင်တွေ ဝင်ရောက်လာပြီးနောက် မြို့တွင်းက အဆောက်အဦးတွေ တိုးလာပြီး စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာသယောင် ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် သိန္နီဒေသခံတွေကတော့ မြေယာတွေ ဆုံးရှုံးတာ၊ ကိုယ်ပိုင်လုပ်ငန်းတွေ မလုပ်နိုင်တော့ဘဲ တရုတ်လုပ်ငန်းရှင်တွေရဲ့ လွှမ်းမိုးမှုကို ခံစားနေရပါတယ်။
ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ သိန္နီမြို့နယ်ထဲ စတင်ဝင်ရောက်လာပြီဆိုရင် လမ်းဘေးတစ်လျှောက် ဖွင့်လှစ်ထားတဲ့ ဆိုင်တွေ အားလုံးနီးပါးရဲ့ ဆိုင်းဘုတ်တွေမှာ တရုတ်နဲ့ မြန်မာ နှစ်ဘာသာနဲ့ ရေးထားတာကို တွေ့မြင်ရပါတယ်။
“လောက်ကိုင်လို ပုံစံလုပ်နေတာလေ။ တရုတ်စာ၊ တရုတ်ငွေ သုံးတာ။ ဆိုင်ဆိုင်းဘုတ်ဆိုလည်း တရုတ်စာနဲ့ဘဲလေ” လို့ သိန္နီမြို့ခံ အသက် (၄၀) ကျော် ဦးသူရ (အမည်လွှဲ) က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA အကြား တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ အပစ်ရပ်ပြီးနောက် ကိုးကန့်တပ် ထိန်းချုပ်ဒေသကို တရုတ်လုပ်ငန်းရှင်တွေ လာရောက် ရင်းနှီးမြှုပ်နှံတာတွေ ပိုများလာတာကို တွေ့ရပါတယ်။
သိန္နီမြို့နယ်မှာ တရုတ်လုပ်ငန်းရှင်တွေ ဝင်ရောက်လာပြီးနောက် ဒေသခံတွေဟာ တရုတ်လုပ်ငန်းရှင်တွေနဲ့ မယှဉ်နိုင်တော့ဘဲ ၎င်းတို့ရဲ့ စိုက်ပျိုးမြေတွေကို ငှားပေးထားရတယ်လို့ သိန္နီဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ဒါ့အပြင် တရုတ်လုပ်ငန်းရှင်တွေ လိုချင်တဲ့ နေရာတွေကို ဒေသခံတွေက မငှားပေးရင် MNDAA က အဓမ္မ သိမ်းယူတာတွေ ကြုံနေရတယ်လို့ ဦးသူရက ပြောပြပါတယ်။
“တရုတ်လုပ်ငန်းရှင်တွေ လိုချင်တဲ့နေရာဆို ငှားရင်ငှား၊ မငှားရင် ရောင်း၊ အဲလိုမဟုတ်ရင် သိမ်းတာဘဲလေ။ လယ်တွေ သိမ်းခံရတဲ့သူတွေလည်း အများကြီးဘဲလေ” လို့ ဆိုပါတယ်။
တရုတ်လုပ်ငန်းရှင်တွေဟာ သိန္နီမြို့ထဲကို ဆိုင်ခန်းတွေ ငှားပြီး စျေးရောင်းတာ၊ ဟိုတယ်လုပ်ငန်းတွေ လုပ်ဆောင်ကြတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သိန္နီမြို့ပြင်က မြေနေရာတွေကို တရုတ်လုပ်ငန်းရှင်တွေက ငှက်ပျောသီးနဲ့ ကြံလုပ်ငန်းတွေကို အဓိက စိုက်ပျိုးမှာဖြစ်ပြီး တစ်ဧကကို တစ်နှစ် ငှားရမ်းခ ၅ သိန်းကျပ် ပေးထားတယ်လို့ ဦးသူရက ပြောပြပါတယ်။
ဒါ့အပြင် တရုတ်လုပ်ငန်းရှင်တွေ ငှက်ပျောပင် စိုက်ဖို့ ငှားရမ်းထားတဲ့ မြေနေရာတွေကို ဒေသခံတွေထံ ပြန်အပ်ရင် တခြားသီးနှံတွေ ပြန်စိုက်လို့ မရတော့မှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
“တစ်ဧက ၅ သိန်း ပေးတာ။ ဥပမာ ပြောင်းဖူးစိုက်မယ်ဆိုရင် တစ်ဧကဆိုရင် ၅ သိန်းထက် မကရတယ်လေ။ ပြီးတော့ ဒီမြေတွေကို ငှက်ပျော စိုက်လိုက်မယ်ဆိုရင် ဘာသီးနှံမှ စိုက်လို့ မရတော့ဘူးလေ။ သူတို့ ငှားပြီးရင် ဘာမှ စိုက်စားလို့ မရဘူး”
တရုတ်လုပ်ငန်းရှင်တွေ လိုအပ်တဲ့ နယ်မြေတွေကို ဒေသခံတွေဘက်က မငှားပေးဘဲ ကန့်ကွက်တာ ရှိရင် ကိုးကန့်တပ်ရဲ့ ဖိအားပေး ခြိမ်းခြောက်တာတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
သိန္နီဒေသခံ အများစုဟာ တရုတ်လုပ်ငန်းရှင်တွေနဲ့ မယှဉ်နိုင်တာကြောင့် ကိုယ်ပိုင်လုပ်ငန်းတွေ မလုပ်နိုင်တော့ဘဲ တရုတ်လုပ်ငန်းရှင်တွေဆီ နေ့စားအလုပ် သွားရောက်လုပ်ကိုင်တာ၊ တခြားဒေသတွေမှာ အလုပ်သွားလုပ်ကြရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
သိန္နီစျေးကိုလည်း ကိုးကန့်တပ်ဘက်က သိန္နီ-ကွမ်းလုံ လမ်း၊ သိန္နီမြို့ပြင်မှာ ပြောင်းရွှေ့ဖွင့်လှစ်ထားပြီး ဆိုင်ခန်းတစ်ခန်းကို တစ်လ ငှားရမ်းခ ၆ သိန်းကျပ်အထိ ပေးနေရတယ်လို့ နောက်ထပ် သိန္နီမြို့ခံ ဒေါ်အမ် (အမည်လွှဲ) က ပြောပြပါတယ်။
“ဆိုင်ခန်းငှား တစ်လကို ၆ သိန်း ပေးရတယ်။ ဒေသခံတချို့တော့ ငှားကြတယ်။ အရင်စျေးဟောင်းလိုတော့ မဟုတ်တော့ဘူးလေ။ ဒေသထွက် အသီးအနှံတွေ ရောင်းတဲ့သူဆို ဘယ်သူမှ မငှားနိုင်ဘူး” လို့ ဆိုပါတယ်။
ဒါ့အပြင် သိန္နီမြို့ကို ကိုးကန့်တပ် ထိန်းချုပ်ပြီးနောက် လောင်းကစားဝိုင်းတွေ၊ ပြည်တန်ဆာလုပ်ငန်းတွေ ပိုမိုပေါများလာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
သိန္နီမြို့နယ်မှာ ကိုးကန့်တပ်ဘက်က ဒေသခံတွေထံ သဘောတူညီချက်ရယူပြီး မြေငှားတာတွေရှိပြီး ဒေသခံတွေရဲ့မြေယာတွေ အဓမ္မသိမ်းယူတာနဲ့ ပတ်သက်ပြီး စုံးစမ်းနေဆဲဖြစ်တယ်လို့ MNDAA နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သိန္နီမြို့နယ်မှာ ရှမ်း၊ ကိုးကန့်၊ ပလောင်၊ လီဆူနဲ့ ဗမာ စတဲ့ တိုင်းရင်းသားမျိုးစုံ စုပေါင်းနေထိုင်ကြပြီး ကြံ၊ ပြောင်းဖူးနဲ့ စပါးလုပ်ငန်းတွေကို အဓိက လုပ်ကိုင်ကြတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ သိန္နီမြို့ကို ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း MNDAA နဲ့ နွေဦးတော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
MNDAA နဲ့ စစ်ကောင်စီတပ်တို့အကြား အပစ်ရပ်ပြီးနောက် သိန္နီမြို့ကို စစ်ကောင်စီဘက်က ပြန်တောင်းနေပြီး ကိုးကန့်တပ်ဘက်ကတော့ လက်ခံတာ မရှိသေးပါဘူး။
ကိုးကန့်တပ်ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက် သိန္နီမြို့အပါအဝင် ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်ကြမ်း၊ တာမိုးညဲနဲ့ ကြူကုတ် (ပန်ဆိုင်း) စတဲ့မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကစပြီး တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီတပ်နဲ့ အပစ်ရပ်ထားကာ ၎င်းတို့ ထိန်းချုပ်ဒေသတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ တိုးမြှင့် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
သိန္နီမြို့မှာ အဆောက်အဦးတွေ များလာပြီး စီးပွားရေးလုပ်ငန်းတွေ ပိုများလာတာကို မြင်သာလာတာ တွေ့ရပေမယ့် အဲဒီတိုးတက်မှုကို ဒေသခံလူထုတွေ မခံစားရဘဲ လုပ်ငန်းရှင်တွေအတွက်သာ အကျိုးဖြစ်နေတာလားဆိုတဲ့ မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။
သိန္နီမြို့ကို ကိုးကန့်တပ် ထိန်းချုပ်ပြီးနောက် မြို့တွင်းမှာ ဖွံ့ဖြိုးတိုးတက်လာတယ်လို့ တွေ့နေရပေမယ့် ဒေသခံလူထုတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေက မနည်းလှပါဘူး။
“မြို့ကြည့်ရင်တော့ တိုးတက်သွားတယ်ပေါ့ဗျာ။ အဆောက်အဦးတွေ များလာတယ်။ စီးပွားရေး ကောင်းလာတယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ ဒေသခံတွေက အကုန် ဒုက္ခရောက်နေတယ်” လို့ ဦးသူရက ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။