အလင်း၊ ဇန်နဝါရီ ၂၁ ရက်၊ မဲဆောက်
မြန်မာ-ထိုင်းနယ်စပ်၊ မဲဆောက်မြို့မှာ လက်နက်အရောင်းအဝယ်လုပ်တဲ့ မြန်မာလူငယ်နှစ်ဦးက ပစ်ခတ်လို့ ထိုင်းရဲတပ်ကြပ်တစ်ဦး ပြင်းထန်ဒဏ်ရာနဲ့ ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသတွင်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် လှည့်ကင်းခေါင်းဆောင် ရဲတပ်ကြပ် ဆက်ဆန်ကန်ကာဟာ ပြင်းထန်ဒဏ်ရာနဲ့ မဲဆောက်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး သေနတ်သမား မြန်မာလူငယ်နှစ်ဦးအနက် တစ်ဦးကိုတော့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဇန်နဝါရီလ ၂၀ ရက် ညနေ ၅ နာရီ ၄၅ မိနစ်၀န်းကျင်မှာ မဲဆောက်မြို့၊ မယ်ကုဘက်ခြမ်းမှာ ထိုင်းရဲတပ်ဖွဲ့တွေ ကင်းလှည့်စဥ် အခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
“မယ်ကုဘက်မှာ မြန်မာလူငယ်နှစ်ယောက်က လက်နက်အရောင်းအဝယ် လုပ်ဖို့ စောင့်နေတဲ့အချိန်မှာ ထိုင်းရဲ လှည့်ကင်းအဖွဲ့ ရောက်လာပြီး လူငယ်နှစ်ယောက်က အစစ်ဆေးမခံဘဲ ရဲတွေကို သေနတ်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးသွားတာပါ” လို့ မဲဆောက်ရောက် မြန်မာနိုင်ငံသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီမြန်မာလူငယ်နှစ်ဦးကို ဖမ်းဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့တွေက လိုက်လံရှာဖွေဖို့ တပ်ဖွဲ့တခုကို ဖွဲ့စည်းထားပြီး သံသယရှိသူ တစ်ဦးကိုလည်း ဖမ်းဆီးရမိပြီး နောက်ထပ် တစ်ဦးကို ဖမ်းဆီးနိုင်ရေး ရှာဖွေမှု လုပ်ဆောင်နေဆဲလို့ သိရပါတယ်။
“တယောက်တော့ ဖမ်းမိပြီ။ နောက်တယောက်ကတော့ လွတ်မြောက်နေတုန်းပါ။ ဒါပေမယ့် သေနတ်၊ အဝတ်စားတွေကို မြန်မာနယ်စပ် ကြံခင်းတခုမှာ ပစ်ထားခဲ့တာကို ရဲတွေက သိမ်းဆည်းရမိထားတယ်။ မြန်မာဘက်ပြေးသွားတာ နေမယ်။” လို့ မဲဆောက်ရောက် မြန်မာနိုင်ငံသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
လက်ရှိ မယ်ကုအပါအဝင် မဲဆောက်တမြို့လုံးမှာ ထိုင်းရဲတွေက ကားတွေနဲ့ အင်အားအလုံးရင်း လုံခြုံရေး တင်းကျပ်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။