By Lway Thandar Shwe
၂၀၂၆ ခုနှစ်အတွင်း လပိုင်းအနည်းငယ်သာ ခြားပြီး အသက် ၃၁ နှစ်အရွယ် တအာင်းအမျိုးသမီးတစ်ဦးသည် ဘဝကို ပြောင်းလဲသွားစေသည့် အဖြစ်အပျက်နှစ်ခုကို ဆက်တိုက် ကြုံတွေ့ခဲ့ရသည်။
ဇန်နဝါရီ ၁၂ ရက်တွင် ခင်ပွန်းကို ဆုံးရှုံးခဲ့ရပြီး နှစ်လကျော်အကြာ မတ်လ ၁၈ ရက်တွင် ကွတ်ခိုင်ဒေသမှ စစ်ဘေးတိမ်းရှောင်စဉ် မန်တုံဘက်သို့ သွားရာလမ်းတွင် သားအလတ် ဆိုင်ကယ် တိုက်ခံရကာ ခြေထောက်ကျိုးဒဏ်ရာ ရရှိခဲ့သည်။
ယင်းဖြစ်ရပ်နှစ်ခုကြားတွင် သူမသည် ဝမ်းနည်းပူဆွေးရန် အချိန်မရခဲ့ပေ။ ဖခင် မရှိတော့သည့် အသက်ငါးနှစ်၊ သုံးနှစ်နှင့် ၁၁ လအရွယ် သားသုံးယောက်၏ဘဝကို ဆက်လက်ထိန်းသိမ်းရန်၊ အလုပ်တစ်ဖက်နှင့် မိခင်တာဝန်တစ်ဖက်ကို တစ်ယောက်တည်း ထမ်းဆောင်ခဲ့ရသည်။
တအာင်းအရပ်ဖက်အဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် သူမသည် စစ်ပွဲ၊ ဆုံးရှုံးမှုနှင့် မိသားစုတာဝန်များကြားမှ နေ့စဉ်ဘဝကို ဆက်လက်ဖြတ်သန်းနေသည့် အမျိုးသမီးများစွာထဲမှ တစ်ဦးဖြစ်သည်။
“သူမရှိတော့ အရမ်းခက်ခဲတာတော့ အရမ်းသိသာတယ်” ဟု သူမက ပြောသည်။
စစ်ဘေးရှောင်လမ်းပေါ်က မမျှော်လင့်ထားသော အဖြစ်အပျက်
ခင်ပွန်း ဆုံးရှုံးရသည့် ဝမ်းနည်းမှုကို ရင်ထဲ သိမ်းထားရဆဲဖြစ်သည့်အချိန်မှာပင် စစ်ရေးအခြေအနေက သူမ မိသားစုကို နောက်တစ်ကြိမ် ထပ်မံ ရိုက်ခတ်ခဲ့သည်။
သူမ၏ မိသားစုသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကွတ်ခိုင်ဒေသရှိ စစ်ရှောင်စခန်းတွင် နေထိုင်လာခဲ့သည့် မိသားစုများထဲမှတစ်စုဖြစ်သည်။ ၂၀၂၆ ခုနှစ် မတ်လအတွင်း ကွတ်ခိုင်နှင့် နမ့်ခမ်းဒေသတို့တွင် စစ်ရေး တင်းမာမှုများ ထပ်မံ ဖြစ်ပွားလာပြီး ဒေသခံအများစု ဘေးလွတ်ရာသို့ ထပ်မံ တိမ်းရှောင်ခဲ့ရသည်။
ယင်းအခြေအနေကြောင့် သူမတို့မိသားစုလည်း ကွတ်ခိုင်မှ မန်တုံဘက်သို့ ထပ်မံ တိမ်းရှောင်ခဲ့ရသည်။ သို့သော် လုံခြုံရာသို့ ရောက်ရှိရန် ကြိုးစားနေသည့် လမ်းခရီးမှာပင် မမျှော်လင့်ထားသည့် ဖြစ်ရပ်တစ်ခု ထပ်မံ ကြုံတွေ့ခဲ့ရသည်။
“ကွတ်ခိုင်စစ်ရှောင်လို့ မန်တုံ ဆင်းသွားတာ။ ကားပေါ်က ဆင်းတာနဲ့ ဖြစ်တာပါ” ဟု သူမက ပြောသည်။
ကားပေါ်မှ ဆင်းနေစဉ် အသက်သုံးနှစ်အရွယ် သားအလတ်ကို ဆိုင်ကယ်တစ်စီး ဝင်တိုက်ခဲ့ပြီး ခြေထောက်ကျိုးဒဏ်ရာ ရရှိခဲ့သည်။
“ဘဝက ချက်ချင်း ပြောင်းသွားသလိုပဲ။ မန်တုံဘက်တောင် မတက်နိုင်တော့ဘူး” ဟု သူမက ဆိုသည်။
ဒဏ်ရာရသည့် ကလေးကို ခေါ်ဆောင်ကာ ဆေးကုသမှု ခံယူခဲ့ရကြောင်း၊ ဒဏ်ရာ ရထားသည့် ကလေးကို စောင့်ရှောက်ရင်း ခရီးရှည် သွားလာရသည့် အခြေအနေက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းစေခဲ့ကြောင်း ပြောသည်။
“ခရီးအရမ်းပန်းတယ်။ ပြောစရာစကားတောင် မရှိဘူး” ဟု သူမက ဆိုသည်။
သားအလတ်၏ ဒဏ်ရာသည် မျှော်လင့်ထားသလို လွယ်လွယ်ကူကူ သက်သာမလာခဲ့ပေ။ ရက် ၄၀ ခန့်အကြာတွင် ကျောက်ပတ်တီးဖြည်ရန် နမ့်ခမ်း၌ ဓာတ်မှန် ပြန်လည်ရိုက်စစ်ဆေးရာ အရိုးမဆက်သေးကြောင်း သိရသဖြင့် ထပ်မံ ခွဲစိတ်ကုသခဲ့ရသည်။
“အရိုးက မညီသေးဘူး။ နောက်ပိုင်း ထော့နဲ့ထော့နဲ့ ဖြစ်သွားမှာစိုးလို့ ထပ်ခွဲရမယ်လို့ ဆရာဝန်တွေ ပြောတယ်” ဟု သူမက ပြန်ပြောပြသည်။
ခွဲစိတ်မှုအပြီးတွင် သားအလတ်၏ ခြေထောက်အတွင်း စတီးပြား ထည့်ထားရပြီး ယနေ့အထိ နှစ်လတစ်ကြိမ် ဆရာဝန်ထံ ပြန်လည် ပြသနေရဆဲ ဖြစ်သည်။
ခင်ပွန်း ဆုံးရှုံးပြီး မကြာသေးသည့်အချိန်တွင် သားတစ်ယောက် ထပ်မံ ဒဏ်ရာရသည့် ဖြစ်စဉ်က သူမအတွက် စစ်ပွဲ၏ နောက်ထပ်ရိုက်ခတ်မှုတစ်ခု ဖြစ်လာခဲ့သည်။
မလဲကျနိုင်သေးသည့် အကြောင်းရင်း
ခင်ပွန်းဆုံးရှုံးမှု၊ စစ်ဘေး တိမ်းရှောင်ရမှုနှင့် သားအလတ်၏ ဒဏ်ရာတို့က အချိန်တိုအတွင်း ဆက်တိုက် ကျရောက်လာခဲ့သော်လည်း သူမအတွက် ရပ်နားခွင့် မရှိခဲ့ပေ။
တအာင်းအရပ်ဖက်အဖွဲ့အစည်းတစ်ခုတွင် ဆက်လက် အလုပ်လုပ်ရသလို ဖခင် မရှိတော့သည့် သားသုံးယောက်ကိုလည်း ပြုစုစောင့်ရှောက်ရသည်။ အိမ်ထောင်ဦးစီးတစ်ဦး၏ တာဝန်နှင့် မိခင်တစ်ဦး၏တာဝန်ကို တစ်ပြိုင်တည်း ထမ်းဆောင်နေရခြင်းဖြစ်သည်။
ဒဏ်ရာရသည့် သားအလတ်၏ ကုသမှုကလည်း ဆက်လက် လိုအပ်နေဆဲဖြစ်သည်။ ခွဲစိတ်ပြီးနောက် ခြေထောက်အတွင်း စတီးပြား ထည့်ထားရသဖြင့် နှစ်လတစ်ကြိမ် ဆေးရုံ ပြန်ပြရသည်။ ကုသမှုကုန်ကျစရိတ်၊ အလုပ်တာဝန်နှင့် ကလေးသုံးယောက်၏ နေ့စဉ်ဘဝကို မျှတအောင် စီမံရခြင်းက သူမ၏ နေ့စဉ်ဘဝ ဖြစ်လာခဲ့သည်။
“အစ်မ ပြိုလဲပြီး အရှုံးပေးဖို့ ဘယ်တော့မှ မတွေးခဲ့ဖူးဘူး။ သူတို့လေးတွေအတွက် အစ်မက ဆက်ရပ်တည်ရမှာပဲ” ဟု သူမက ပြောသည်။ ယင်းအချိန်တွင် သူမ၏ မိသားစုဝင်များက အားဖြစ်လာခဲ့သည်။
သားအလတ် ဒဏ်ရာ ရပြီးစကာလတွင် ညီမဖြစ်သူက ရွာမှဆင်းလာပြီး ကူညီစောင့်ရှောက်ပေးခဲ့သည်။ ညီမ ကျောင်းပြန်တက်ရသည့်နောက်ပိုင်းတွင်တော့ မောင်လေးက နမ့်ခမ်းသို့ လာရောက်နေထိုင်ကာ သားအကြီးနှင့် သားအလတ်ကို ကြည့်ရှုပေးသည်။ အငယ်ဆုံးသားကိုတော့ ကလေးထိန်းတစ်ဦးက စောင့်ရှောက်ပေးနေသည်။
သားအကြီး၏ ကျောင်းအကြိုအပို့၊ သူမ အလုပ်ကိစ္စဖြင့် ခရီးထွက်ရသည့်အချိန် ကလေးများကို ကြည့်ရှုပေးခြင်းကအစ မိသားစုဝင်များက တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြသည်။
“အစ်မမိဘတွေ ရှိလို့သာ တော်သေးတာ။ သူတို့မရှိရင် ဘယ်လို ဆက်ရပ်တည်နိုင်မလဲဆိုတာတောင် မတွေးရဲဘူး” ဟု သူမက ဆိုသည်။
ထိုအတွေ့အကြုံများက မိသားစု၏ အားပေးမှုသည် အခက်အခဲတစ်ခုကို ကျော်ဖြတ်ရာတွင် မည်မျှအရေးကြီးကြောင်း သူမကို ပိုမိုနားလည်စေခဲ့သည်။ တစ်ဖက်တွင်လည်း စစ်ပွဲသည် လူတစ်ဦး၏ အသက်အိုးအိမ်ကိုသာမက မိသားစုတစ်ခု၏ နေ့စဉ်ဘဝ၊ ကလေးတစ်ယောက်၏ ကျန်းမာရေးနှင့် မိခင်တစ်ယောက်၏ ဘဝဝန်ထုပ်ဝန်ပိုးကိုပါ တိုးလာစေခဲ့သည်။
ဘဝသင်ခန်းစာနှင့် မိခင်တစ်ယောက်၏ မျှော်လင့်ချက်
တစ်နှစ်တည်းအတွင်း ခင်ပွန်းဆုံးရှုံးမှု၊ စစ်ဘေး တိမ်းရှောင်ရမှုနှင့် သားအလတ် ဒဏ်ရာရမှုတို့ကို ဆက်တိုက် ကြုံတွေ့ခဲ့ရသော်လည်း သူမသည် ယင်းအဖြစ်အပျက်များကို ဘဝသင်ခန်းစာအဖြစ်သာ မှတ်ယူရန် ကြိုးစားနေသည်။
“သူ မရှိတော့ အစ်မ သင်ခန်းစာ အများကြီး ရခဲ့တယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ ဘယ်လောက်သတိထားရမလဲဆိုတာ ကိုယ့်ဘက်ကတော့ သူများအပေါ် အကောင်းတွေပဲ ပေးသင့်တယ်ဆိုတာ ပိုနားလည်လာတယ်” ဟု သူမက ပြောသည်။
သူမအတွက် အရေးကြီးဆုံး သင်ခန်းစာတစ်ခုမှာ ကလေးတစ်ယောက်၏ ငယ်ဘဝ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုဖြစ်သည်။
“လူတစ်ယောက်ရဲ့ ငယ်ဘဝ စိတ်ဒဏ်ရာက အရမ်းအရေးကြီးတယ်။ အဲဒီဒဏ်ရာက သူ့ဘဝတစ်ခုတည်းကို မထိခိုက်ဘူး။ နောင်တစ်ချိန် သူ့မိသားစုနဲ့ သားသမီးတွေအထိ သက်ရောက်နိုင်တယ်” ဟု သူမက ဆိုသည်။
ကိုယ်တိုင်ကြုံခဲ့ရသည့် အတွေ့အကြုံများနှင့် ပတ်ဝန်းကျင်တွင် မြင်တွေ့ခဲ့ရသည့် အခြေအနေများကြောင့် ကလေးရှိပြီး အိမ်ထောင်ကွဲရသူ သို့မဟုတ် အိမ်ထောင်ဖက် ဆုံးရှုံးရသူများအနေဖြင့် နောက်အိမ်ထောင်ပြုရန် ဆုံးဖြတ်သည့်အခါ ကလေးများ၏ စိတ်ခံစားချက်ကို ဦးစားပေးစဉ်းစားသင့်ကြောင်း သူမက ယုံကြည်သည်။
“ကောင်းတဲ့ မိထွေး၊ ပထွေးတွေ ရှိပါတယ်။ ဒါပေမဲ့ အရမ်းရှားတယ်။ ကလေးတွေရဲ့ စိတ်ဒဏ်ရာကတော့ ပြန်ကုစားဖို့ အရမ်းခက်တယ်” ဟု ဆိုသည်။
လက်ရှိအချိန်တွင် သူမအတွက် အကြီးမားဆုံး စိုးရိမ်မှုမှာ ဖခင်မရှိတော့သည့် သားသုံးယောက် အရွယ်မရောက်မီ သူမကိုယ်တိုင် တစ်ခုခုဖြစ်သွားမည်ကိုပင် ဖြစ်သည်။
“ဖခင် မရှိတာနဲ့တင် သူတို့ဘဝက အများကြီး ဆုံးရှုံးထားပြီးသား။ အစ်မသာ တစ်ခုခုဖြစ်သွားရင် သူတို့ကို ဘယ်သူက စေတနာအပြည့်နဲ့ ပြုစုစောင့်ရှောက်ပေးမလဲဆိုတာကို အမြဲတွေးမိတယ်” ဟု သူမက ပြောသည်။
သူမ၏ စိုးရိမ်မှုသည် မိခင်တစ်ယောက်၏ ကိုယ်ရေးကိုယ်တာ စိုးရိမ်မှုသာ မဟုတ်ပေ။ နှစ်ရှည်စစ်ပွဲများကြားတွင် နေထိုင်ရသည့် မိသားစုများစွာ ကြုံတွေ့နေရသည့် မသေချာမှုနှင့် မလုံခြုံမှုကိုလည်း ထင်ဟပ်စေသည်။
စစ်ပွဲသည် လူတစ်ယောက်၏ အသက်ကိုသာမက ကျန်ရစ်သူများ၏ နေ့စဉ်ဘဝ၊ ကလေးများ၏ ကြီးပြင်းလာမည့် အနာဂတ်နှင့် မိသားစုတစ်ခုလုံး၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုပါ ရေရှည်ရိုက်ခတ်နေဆဲ ဖြစ်သည်။
သို့သော် ထိုစိုးရိမ်မှုများက သူမကို အရှုံးပေးစေခြင်း မရှိခဲ့ပေ။
“အစ်မ ပြိုလဲပြီး အရှုံးပေးဖို့ ဘယ်တော့မှ မတွေးခဲ့ဖူးဘူး။ သူတို့လေးတွေအတွက် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တိုင်းကို သင်ခန်းစာယူပြီး အကောင်းဆုံး ပေးနိုင်အောင် ကြိုးစားချင်တယ်” ဟု သူမက ဆိုသည်။
ဆုံးရှုံးမှုများကို မေ့ပျောက်သွားမည် မဟုတ်သော်လည်း အချိန်က နာကျင်မှုကို တဖြည်းဖြည်း ကုစားပေးနိုင်လိမ့်မည်ဟု သူမက ယုံကြည်ထားသည်။
“အချိန်ဆိုတဲ့ သမားတော်ကြီးက ကုစားသွားပါလိမ့်မယ်။ နာကျင်နေတာတွေအတွက်တော့ ယာယီ ဖြေဆေးပေါ့” ဟု သူမက ပြောသည်။
လက်ရှိတွင် သူမသည် တအာင်းအရပ်ဖက်အဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်ကိုင်ကာ ရရှိသည့် ဝင်ငွေဖြင့် မိသားစု၏ စားဝတ်နေရေးကို ရပ်တည်နေရသည်။ သို့သော် လစဉ်ကုန်ကျစရိတ်များမှာ သူမ၏ ဝင်ငွေထက် များနေသည်ဟု ဆိုပါသည်။
သူမရရှိသည့် လစဉ် ဝင်ငွေအများစုမှာ အိမ်ငှားခ၊ ကလေးထိန်းခ၊ ကလေးကျောင်းစရိတ်၊ သား၏ ဆေးကုသစရိတ်၊ နို့မှုန့်နှင့် အခြေခံ နေထိုင်စရိတ်များအတွက်သာ ကုန်ကျနေပါသည်။
စားသောက်စရိတ်၊ ကလေးများ၏ စာအုပ်ဖိုး၊ ကျောင်းဝတ်စုံဖိုးနှင့် အခြားလိုအပ်ချက်များ ထည့်သွင်းတွက်ချက်ပါက ဝင်ငွေတစ်ခုတည်းဖြင့် ရပ်တည်ရန် ခက်ခဲနေပြီး မိဘများက ပို့ပေးသည့် ဆန်ကဲ့သို့သော အကူအညီများကြောင့်သာ မိသားစု၏ နေ့စဉ်ဘဝကို ဆက်လက်ဖြတ်သန်းနိုင်နေသည်။
“အလုပ်လုပ်ရတဲ့ ဝင်ငွေနဲ့ ဘယ်လိုမှ မလောက်ဘူး။ အိမ်ဘက်က မိဘတွေ လမ်းကြုံရှိရင် ဆန်ပို့ပေးလို့ပဲ နည်းနည်းသက်သာတာ” ဟု သူမက ပြောသည်။
မိခင်တစ်ယောက်အနေဖြင့် သူမရရှိသည့် ဝင်ငွေထဲမှ ကိုယ်ပိုင်အသုံးစရိတ်အတွက် ချန်ထားနိုင်သည့် အပိုငွေ မရှိသလောက် နည်းပါးပြီး ရရှိသမျှဝင်ငွေကို သားသုံးယောက်၏ ကျန်းမာရေး၊ ပညာရေးနှင့် နေ့စဉ်လိုအပ်ချက်များအတွက်သာ ဦးစားပေး သုံးစွဲနေရပြီး သူမအတွက် အရေးကြီးဆုံး မျှော်လင့်ချက်မှာ သားသုံးယောက်ကို ဘေးကင်းလုံခြုံစွာ ပြုစုပျိုးထောင်နိုင်ရေးနှင့် အနာဂတ်တွင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သည့် လူငယ်များအဖြစ် ကြီးပြင်းလာစေရေးသာ ဖြစ်သည်။
ဝင်ငွေထက် ကုန်ကျစရိတ် များနေသော်လည်း သားသုံးယောက်၏ အနာဂတ်အတွက် သူမက အလုပ်မရပ်ဘဲ ဆက်လက်ရုန်းကန်နေဆဲ ဖြစ်သည်။
ယနေ့အချိန်ထိ သူမသည် မနက်တိုင်း အလုပ်သို့သွားနေဆဲဖြစ်ပြီး ညနေတိုင်း သားသုံးယောက်ထံ ပြန်လာနေဆဲဖြစ်ပြီး ဆုံးရှုံးမှုများက သူမ၏ ဘဝကို ပြောင်းလဲသွားစေခဲ့သော်လည်း “အမေ”ဆိုသည့် တာဝန်ကိုတော့ မပြောင်းလဲနိုင်ခဲ့ပေ။ သူမ၏ ရှေ့ဆက်လျှောက်နေသည့် ခြေလှမ်းတိုင်းသည် သူမတစ်ယောက်အတွက် မဟုတ်ဘဲ သားသုံးယောက်၏ အနာဂတ်အတွက် ဖြစ်သည်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။