လွေးထွေး၊ ဇန်နဝါရီ ၁၀ ရက်၊ ပြင်ဦးလွင်
မန္တလေးတိုင်း ပြင်ဦးလွင်မြိုမှာ သက်ဆိုင်ရာက ခွင့်ပြုချက်မရဘဲ တရားမဝင် မြေကွက်ရောင်းဝယ်ဖောက်ကားသူတွေကို ထိထိရောက်ရောက်အရေးယူသွားမယ်လို ပြင်ဦးလွင် ခရိုင်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
ပြင်ဦးလွင်မှာ ၂၀၂၅ ခုနှစ်အတွင်း မြိုတွင်းမြေယာအပြင် ကျေးရွာပိုင်းက မြေကွက်တွေကို သက်ဆိုင်ရာခွင့်ပြုချက်မရဘဲ တရားမဝင် အကွက်ရိုက် စာချုပ်အတုတွေလုပ်ပြီး ရောင်းချနေတာကြောင့် အခုနှစ် ၂၀၂၆ ခုနှစ်မှာ ၎င်းဖြစ်စဉ်မျိုး ထပ်မဖြစ်ရအောင် ရည်ရွယ်ကြောင်းဆိုပါတယ်။
မြိုခံအမျိုးသားက “သူတိုပြောတဲ့တရားမဝင်မြေကွက်ဆိုတာကို ခံနေရတာက ပြည်သူတွေပါ။ ရိုးသားကြိုးစား စုထားကြတဲ့ ငွေလေးနဲ့ မြေကွက်တွေဝယ် အိမ်တွေဆောက်ပြီးမှ ဖျက်စီးနေကြတယ်” လို ပြောပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်ကတည်းက ပြင်ဦးလွင်ရှိ နေရာတချိုက မြေကွက်နဲ့ အိမ်တွေကို ဈေးသက်သက်သာသာနဲ့ စစ်တပ်နဲ့နီးစပ်သူတွေကသာ အဆင့်ဆင့် လူထုတွေစီကို ရောင်းချခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၎င်းနေရာတွေကို တရားမဝင် ကျူးကျော်နယ်မြေဆိုပြီး ဖျက်ဆီးအရေးယူနေတာ ဖြစ်ကြောင်း အထက်ပါအမျိုးသမီးက ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နဲ့ ဇန်နဝါရီလကလည်း ပြင်ဦးလွင် ကုန်းဘောနဲ့ မဟာအောင်မြေရပ်ကွက်၊ ရေချမ်းအိုး စတဲ့နေရာက လမ်းဘေးမီးတိုင်အပါအဝင် နေအိမ်နဲ့ အုတ်တံတိုင်းတွေကိုလည်း နိုင်ငံတော် စီမံကိန်းထဲပါတယ်ဆိုပြီး စစ်ကောင်စီအပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာတွေက မြေတူးစက်နဲ့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။