မိုင်းဖိူမ်းဆငဲ၊ ဇန်နဝါရီ ၆ ရက်၊ ကျောက်မဲ
စစ်ကောင်စီထိန်းချုပ်တဲ့ ရှမ်းမြောက် ကျောက်မဲမြို့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ မှတ်ပုံတင်လာလုပ်တဲ့ လွေးအိဌေးဆိုသူကို စစ်ကောင်စီတပ်က တစ်လကျော်အကြာ ဖမ်းဆီးထားပြီး လက်ရှိအချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘူးလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လွေးအိဌေးဟာ အသက် ၁၆ နှစ်ဝန်းကျင်အရွယ်သာရှီသေးပြီး (လဝက)ရုံးမှာ မှတ်ပုံတင်သွားလုပ်တဲ့အချိန် ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်လာလ ဒုတိယအပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်က သူ့ကို ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။
“သူက ဆရာလေးထွက်တာ မကြာသေးဘူး။ သာသနာကဒ်ပြားလည်းရှိတယ်။ မှတ်ပုံတင်မရှိလို့ သွားလုပ်တာ ဖမ်းခံရတာ။ ရဲမေနဲ့ တူလို့ ဖမ်းတယ်ထင်တာပဲ။ သူ့အစ်ကိုကတော့ TNLA စစ်သားလုပ်ဖူးလို့ပြောတယ်။ သူ့အစ်ကိုတောင် စစ်ပြေးတာကြာပြီ။”
ဖြစ်စဉ်သိရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ လွေးအိဌေးကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်မှာ စစ်ခုံရုံးမှာ အမှုဖွင့်ခံရပြီး သူ့အစ်ကိုဖြစ်သူက TNLA တပ်သားဖြစ်ဖူးတယ်ဆိုတဲ့စွတ်စွဲချက်နဲ့ သူ့ကို ဒီဇင်ဘာ ၉ ရက်မှာ မန္တလေး အိုးဘိုထောင်ကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ လွေးအိဌေးဟာ နိုင်ငံရေးလှုပ်ရှားသူမဟုတ်သလို တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်စပ်မှုမရှိဘဲ သာမာန် ကလေးငယ် အမျိုးသမီးတစ်ဦးသာ ဖြစ်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လက်ရှိအချိန်ထိ တစ်လကျော်အကြာ ဖမ်းဆီးထားတာကြောင့် သူ့ရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေးအခြေအနေကို မိသားစုဝင်တွေက စိုးရိမ်ပူပန်နေကြတယ်လို့ သူက ဆက်ပြီးပြောပါတယ်။
စစ်ကောင်စီတပ်က ကျောက်မဲမြို့ကို တအာင်းတပ် -PSLF/TNLA ထံ ပြန်လည်သိမ်းပိုက်နိုင်ပြီးနောက် တော်လှန်ရေးတပ်တွေနဲ့ TNLA နဲ့ ဆက်စပ်မှုရှိတယ်လို့စွတ်စွဲကာ ဒေသခံတွေနဲ့ တအာင်းလူမျိုးတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။