ပို့လဘား၊ ဒီဇင်ဘာ ၁၈ ရက်၊ လားရှိုး
ကိုးကန့်တပ်မတော်- MNDAA က ၎င်းတို့ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ပြင်က ကျေးရွာတချိူ့မှာ စစ်ကောင်စီိကို ရွေးကောက်ပွဲကျင်းပခွင့် မပြုထားကြောင်း MNDAAနဲ့ နီးစပ်သူက ပြောပါတယ်။
လားရှိုးမြို့ပြင်က ကိုးကန့်ထိန်းချုပ်ထားတဲ့ ဒေသထဲမှာ ရွေးကောက်ပွဲလုပ်ဖို့ ကိုးကန့်ဘက်က ခွင့်မပြုထားသလို မဲပုံးနဲ့ မဲရုံလည်း ဖွင့်လို့မရဘူးလို့ ဆိုပါတယ်။
MNDAAနဲ့ နီးစပ်သူတစ်ဦးက “သိရသလောက်က စကစ မဲစရင်းကောက်ဖို့ မဲရုံဆောက်ဖို့လာကြည့်တဲ့အချိန်မှာ ဒီဘက်က လူကြီးတွေနဲ့ စကားလာပြောတဲ့အချိန်မှာ ဒီဘက်က နားလည်မှုလွဲသွားလို့ ခွင့်ပြုထားတာပေါ့နော်။ အဲကြောင့် အခုလိုဖြစ်သွားတာပါ။ တကယ်လို့ ကိုးကန့်ထိန်းချုပ်ထားတဲ့ဒေသမှာ နေတဲ့သူတွေက မဲပေးချင်တယ်ဆိုရင် လားရှိုးမြို့ပေါ်ကိုပဲ သွားပေးရမှာပါ” လို့ ပြောပါတယ်။
ဒါမဲ့ ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပြင်ရှိ လားရှိုး-မိုင်းရယ် လမ်းပိုင်းရှိတဲ့ လွယ်ငင်း၊ နမ္မဘောဒ၊နမ့်ပေါင်၊ ခါးသျှိကျေးရွာတွေကို စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး အဲရွေးကောက်ပွဲအပေါ်လူထုအများစု စိတ်မဝင်စားကြဘူးလို့ နမ့်ပေါင်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“စာသင်ကျောင်းတွေမှာပဲ သူတို့မဲရုံထားမယ်လို့သိရတယ်။ မဲဆွယ်စည်းရုံးရေးလုပ်တာလည်း မရှိပါဘူး။ ဆင်းတာလည်း မတွေ့ဘူး။ လူထုလည်း စိတ်ဝင်စားမှု နည်းတယ်။ သူတို့မဲစာရင်းယူတာတော့ ၃ ရက်။ အုပ်ချူပ်ရေးမှူးက မဲစရင်းကြည့်ဖို့ တစ်ရက်ပဲ လော်နဲ့ လိုက်အော်တာပါ။ ကိုးကန့်ထိန်းချုပ်ထားတဲ့ဒေသဆိုတော့ မဝင်ရဲတာလည်း ပါမယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ လားရှိုးမြို့မှာ မြို့ပေါ် ၁၂ ရပ်ကွက်နဲ့ ဟူမွန်ကျေးရွာအုပ်စုမှာဘဲ ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ကိုးကန့်တပ်ဘက်ကလည်း လားရှိုးမြို့နယ်ရှိ ၎င်းတို့ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီကို ရွေးကောက်ပွဲကျင်းပခွင့်ပေးမယ့်အခြေအနေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ စစ်ကောင်စီထံ ပြန်လည်လွှဲဲပြောင်းပေးခဲ့ပြီး လားရှိုးမြို့ပြင်က နေရာတွေကိုတော့ ကိုးကန့်တပ်က ထိန်းချုပ်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။