မိုင်းဖိူမ်းဆငဲ၊ နိုဝင်ဘာ ၄ ရက်၊ နမ္မတူ
တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ထဲ ဒေသခံအများစု ပြန်လာနေကြပြီဖြစ်ပေမဲ့ ဖုန်းလိုင်း မကြာခဏ ပြတ်တောက်တာကြောင့် Starlink အင်တာနက်ကို ပိုမိုအသုံးပြုကြရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
TNLA က စစ်တပ်နဲ့ အပစ်ရပ်စဲကြောင်း ကြေညာပြီးတဲ့နောက် အောက်တိုဘာ ၃၀ ရက်ကစပြီး မြို့ခံတွေ မြို့ထဲ ပြန်လာကြတာလို့ မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သူက “ကျနော် ၃၁ ရက်က ပြန်ရောက်တာ။ အတော်များများလည်း ပြန်လာကြပါပြီ။ ဆိုင်တွေ တော်တော်များများလည်း ပြန်ဖွင့်နေကြပြီ” လို့ ပြောဆိုပါတယ်။
နမ္မတူမြို့ထဲက မြို့မဈေး၊ ဆေးဆိုင်၊ ကုန်စုံဆိုင်၊ ဖုန်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင် စတဲ့ဆိုင်တွေ ပြန်ဖွင့်နေကြပြီလို့ သိရပါတယ်။
မြို့ခံအများစုက မြို့ထဲ ပြန်လာကြပြီဖြစ်ပေမဲ့ မြို့ထဲ ဖုန်းလိုင်း အသုံးပြုလို့ အဆင်မပြေသေးတာကြောင့် မြို့ခံတွေက Starlink အင်တာနက်ကို ဖုန်းဆိုင်၊ ကုန်စုံဆိုင်တွေမှာ အသုံးပြုနေကြရပါတယ်။
နမ္မတူမှာ Starlink အင်တာနက် အသုံးပြုခွင့်ကို TNLA ဘက်က ကန့်သတ်ပိတ်ပင်တာ ရှိတယ်လို့လည်း သတင်း ထွက်ပေါ်နေပါတယ်။
ရွှေဖီမြေရဲ့ စုံစမ်းချက်အရ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲမရပ်ခင် အောက်တိုဘာ ၂၈ ရက်မှာ Starlink အင်တာနက် ဖွင့်လှစ်တဲ့ နယ်ခံတစ်ဦးကို TNLA က ဖမ်းဆီးစစ်ဆေးတာ ရှိခဲ့တယ်လို့ သိရပါတယ်။
TNLA ရဲ့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက “ဖမ်းတာက မှန်ပါတယ်။ အဲဒါ ရဲတွေ မဟုတ်တာ။ သူတို့ဖမ်းတဲ့သူနဲ့ မိသားစုဝင်နဲ့ ပေးတွေ့ရင် အဲလိုသတင်း ထွက်ပေါ်စရာအကြောင်းတော့ မရှိဘူး” လို့ ဆိုပါတယ်။
တအာင်းတပ်နဲ့ စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်ချိန် အောက်တိုဘာလအတွင်း ကျောက်မဲ၊ မိုးကုတ်နဲ့ နမ့်ဆန်မြို့နယ်မှာ စစ်ကောင်စီတပ်က လူစုလူဝေးရှိရာ Starlink ဖွင့်တဲ့နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဥ် ရှိခဲ့ဖူးပါတယ်။
ဒါကြောင့် တိုက်ပွဲ ပြင်းထန်တဲ့ အတောအတွင်း Starlink အင်တာနက် အသုံးပြုမှုကို ကြီးကြပ်စစ်ဆေးတာ ရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
တိုက်ပွဲတွေ ရပ်စဲသွားပြီ ဖြစ်တာကြောင့် Starlink အင်တာနက်ကို ဒေသခံတွေ ပြန်လည် အသုံးပြုလာကြတာကို ရွှေဖီမြေက ကွင်းဆင်းလေ့လာချိန် တွေ့ရှိခဲ့ရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။