ရွှေဖီမြေ၊ နိုဝင်ဘာ ၄ ရက်၊ နမ္မတူ
တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ မြို့မရပ်ကွက်မှာ ဒီနေ့ နိုဝင်ဘာ ၄ ရက် မနက်အစောပိုင်းကစပြီး ချောင်းရေ ကြီးလာမှုနဲ့အတူ နေအိမ်တချို့ ရေနစ်မြှုပ်သွားပြီး ရေဆက်ကြီးလာနိုင်လို့ နေအိမ် ပြောင်းရွှေ့မှု ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ နေအိမ် ၅ လုံးထက်မနည်း ရေထဲနစ်မြှုပ်သွားပြီး မိုးဆက်ရွာနေတာကြောင့် ရေကြီးရေလျှံ ဆက်ဖြစ်လာနိုင်တဲ့အနေအထားမှာ ဖြစ်နေပါတယ်။
“မြှုပ်သွားတာက ၄ အိမ် အနည်းဆုံး ရှိတယ်။ ကျန်တာက ဝက်ခြံ၊ ကြက်ခြံတွေ။ အဲခြံတွေကတော့ မနေ့ညကတည်းက ရွှေ့ထားကြပြီ။ အိမ်အချို့ကတော့ ဒီမနက်မှ ရွှေ့ကြတယ်။ ရေထပ်မြှုပ်နိုင်တဲ့အိမ်တွေလည်း ရွှေ့ကြပြီ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
နမ္မတူမြို့မှာ ရေကြီးရေလျှံ ဖြစ်လေ့ရှိတဲ့ မြို့တစ်မြို့ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာလည်း နမ္မလချောင်းရေကြီးလို့ တံတားတွေပါ ရေထဲ မျှောပါသွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။
နမ္မတူမြို့အပြင် နမ္မတူမြို့အနီးမှာရှိတဲ့ မိုင်းရင်ကျေးရွာအုပ်စုဘက်မှာလည်း ရေကြီးရေလျှံဖြစ်ပြီး လယ်ယာတချို့ ရေ နစ်မြှုပ်နေတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။