ပို့လဘား၊ ဇန်နဝါရီ ၁ဝ ရက်၊ မူဆယ်
ရှမ်းမြောက် မူဆယ်မြို့မှာ ဆိုင်ကယ်ဘက်ထရီ ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မနေ့ ဇန်နဝါရီ ၉ ရက် ညနေ ၆ နာရီခွဲဝန်းကျင်မှာ မူဆယ်မြို့ မန့်ဝိန်း ၂ လမ်းမှာ ဆိုင်ကယ်ဘက်ထရီ ပေါက်ရာကနေ အိမ်မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မန့်ဝိန်း မြဝတီဘဏ် မျက်စောင်းထိုး လမ်းကြားမှာ လောင်တာ။ ဘယ်ကနေ ဘယ်လို ပေါက်လဲတော့ မသိဘူး။ ဘေးအိမ်တော့ မကူးဘူး။ ထရံလည်းပါတော့ လောင်အား ကောင်းတာ။ ဆိုင်ကယ်ပြင်ဆိုင်ဆိုတော့ မီးကူးတာ မြန်တယ်”
မီးလောင်သွားတဲ့အိမ်ဟာ မူဆယ်မြို့ မန့်ဝိန်း ၂ လမ်းမှာ နေထိုင်တဲ့ ဦးအိုက်ဆိုင်းဆိုသူရဲ့ အိမ်ဖြစ်ပြီး မီးလောင်သွားတဲ့ အိမ်ရဲ့ ပျက်စီးဆုံးရှုံးမှု ပမာဏကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ် နိုဝင်ဘာ ၃ ရက်ကလည်း မူဆယ်မြို့ ဆင်ဖြူဂိတ်အနီးက ၉၉ အားကစားကွင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။