ဝတ်ရည်၊ မေလ ၁၉ ရက်၊ မူဆယ်
ရှမ်းမြောက် မူဆယ်မြို့မှာ ပျောက်ဆုံးနေတဲ့ အမျိုးသား ၁ ဦးဟာ ၄ ရက်အကြာမှာတော့ အလောင်းသာ တွေ့ရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိထားသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၆ ရက် မနက်ပိုင်းမှာ နေအိမ်ကနေ ဆိုင်ကယ်နဲ့ ထွက်သွားရာကနေ ပျောက်ဆုံးခဲ့တာဖြစ်ပြီး ဒီနေ့ မေလ ၁၉ ရက်မှာတော့ မူဆယ်မြို့ ၁၀၅ မိုင်က လမ်းမကြီးဘေးမှာ အလောင်းကို ပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။
“သူ့အလောင်းကို ဒီနေ့မှ တွေ့တာ။ ဒီနေ့ပဲ သေတာလို့လည်း ပြောကြတာပဲ။ ၁၀၅ မိုင် လမ်းမကြီးဘေးမှာပဲ တွေ့တာလေ။ သူ့ကိုတောင် လူပျောက်ကြော်ညာထားသေးတယ်။ လူမှုကူညီရေးအသင်းတွေက အလောင်းတွေ့ရှိထားကြောင်း လိုင်းပေါ် တက်ထားတော့ သူ့ရဲ့ မိသားစုဝင်က တွေ့တာပေါ့” လို့ အထက်ပါ သတင်းအရင်းအမြစ်က ပြောပါတယ်။
အဆိုပါအမျိုးသားဟာ အသက် ၄၆ နှစ်အရွယ် ကိုဇေယျာဖြိုးဆိုသူဖြစ်ပြီး မူဆယ်မြို့ တောင်ရပ်ကွက်မှာ နေထိုင်သူ ဖြစ်တယ်လို့လည်း သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။