ဝတ်ရည်၊ မေလ ၂၀ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မေလ ၁၉ ရက် ည ၁၂ နာရီဝန်းကျင်မှာ ဖားကန့်မြို့နယ် မှော်ဝမ်းလေးရွာက ဒေသခံပိုင် ပစ္စည်းတွေ ယူပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
ဒေသခံအမျိုးသားက “မနေ့ည ၁၂ ဝန်းကျင်ကနေ ဒီနေ့မနက် ၃ နာရီကျော်အထိ မီးလောင်နေတုန်းပဲလေ။ နေအိမ် မီးရှို့ခံထားရတာတော့ အများကြီးပဲ။ စစ်တပ်က ရှိနေလို့ အဲဘက်မှာကျ ဘယ်သူမှ မသွားကြဘူးလေ။ ထိခိုက်ဒဏ်ရာတော့ မသိရသေးဘူး” လို့ဆိုပါတယ်။
တိုက်ပွဲကြောင့် တိမ်းရှောင်တဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်တပ်က ဖောက်ဝင်ပြီး ဒေသခံပိုင်ပစ္စည်းတွေကို ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ နေအိမ်တွေကို ဖောက်ထွင်းစဉ် ဒေသခံတွေကို ဖမ်းဆီးခဲ့တယ်လို့ အဆိုပါ အမျိုးသားက ပြောဆိုပေမဲ့ ရွှေဖီမြေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်ရှိ ဖားကန့်မြို့နယ်အတွင်း မြေပြင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း မရှိပေမဲ့ ကာမိုင်း-ဖားကန့်လမ်းမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေက ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။