ရွှေဖီမြေ၊ မတ်လ ၂၇ ရက်၊ ပန်ဆန်း
“ဝ”တပ်မတော်- UWSA က ဖမ်းဆီးရမိတဲ့ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်)နဲ့ ဆက်စပ်သူ ၂၆ ဦးနဲ့ ငွေလိမ်လည်ဂိုဏ်းမှာ အတင်းအဓမ္မ စေခိုင်းခံရသူ ၆ ဦးကို တရုတ်နိုင်ငံထံ ထပ်မံ လွှဲပြောင်းပေးခဲ့တယ်လို့ “ဝ”ပြည် တရားစီရင်ရေးကော်မတီ- WSP က ထုတ်ပြန်ပါတယ်။
မနေ့ မတ်လ ၂၆ ရက်မှာ ပန်ခမ်းနယ်စပ်ဂိတ်ကနေတဆင့် လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး အွန်လိုင်းငွေလိမ်းဂိုဏ်းနဲ့ ဆက်စပ်သူတွေဟာ “ဝ”ပြည်ထဲ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
WSP အနေနဲ့ အဲဒီအွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်သူတွေကို ဖမ်းဆီးရမိဖို့ တရုတ်ရဲ့ အချက်အလက် ဖလှယ်မှု၊ ပူးပေါင်းစစ်ဆေးမှုနဲ့ တရားရေးဆိုင်ရာ ပူးပေါင်းမှု ပါဝင်တယ်လို့ ထပ်လောင်း ပြောဆိုထားပါတယ်။
UWSA က ဒေသတွင်း ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန့်တွေကို တရုတ်နဲ့ “ဝ”ရဲတပ်ဖွဲ့ရဲ့ သဘောတူညီစာချုပ်အရ မကြာခဏ လွှဲပြောင်းပေးသလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်ကလည်း ဖမ်းဆီးရမိတဲ့ ကျပ်ငွေ ၁၂ ဘီလျံ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို တရုတ်ထံ လွှဲပြောင်းပေးခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။