မိုင်းရူပ၊ ဧပြီ ၆ ရက်
တရုတ်နိုင်ငံမှာ ၁၀ နှစ်ကြာ တရုတ်မယားအဖြစ် ရောင်းစားခံခဲ့ရတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဒေသခံအမျိုးသမီးတစ်ဦးကို နေရပ်မပြန်နိုင်အောင် အမျိုးသားဖြစ်သူက ခြေဖနောက် လှီးဖြတ်ထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
မြစ်ကြီးနားမြို့ခံဖြစ်တဲ့ မအာမီးလေးဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း တရုတ်နိုင်ငံထဲမှာ တရုတ်ငွေ ယွမ် ၉ သောင်းနဲ့ တရုတ်အမျိုးသားတစ်ဦးထံ ရောင်းစားခံခဲ့ရပြီး အဲဒီ တရုတ်အမျိုးသားရဲ့ ရိုက်နှက်နှိပ်စက်မှုဒဏ်ကိုလည်း ခံခဲ့ရကြောင်း သိရပါတယ်။
အဲဒီနောက် နေအိမ်ကနေ ထွက်ပြေးရာကနေ တရုတ်ရဲရဲ့ ဖမ်းဆီးတာခံရပြီး ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်မှာ တရုတ်ပြည်ဘက်ကနေ တရုတ်- မြန်မာနယ်စပ် ရှမ်းမြောက် မူဆယ်မြို့ဘက်ကို ပြန်ပို့ခံရတာ ဖြစ်ပါတယ်။
မအာမီးလေးဟာ လက်ရှိမှာ အသက် ၄၀ ကျော်အရွယ်ရှိပြီး မူဆယ်မြို့ရှိ လူမှုကူညီရေးအသင်းတစ်ခုရဲ့ အကူအညီနဲ့ သူမရဲ့ နေရပ်ကို ပြန်ပို့ပေးလိုက်ပြီလို့ ဒီဖြစ်စဉ်ကို သိရှိတဲ့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဒီမူဆယ်ကို ရောက်လာတဲ့အချိန်မှာ သူ့ခြေဖနောက် ဒဏ်ရာက သက်သာနေပါပြီ။ နည်းနည်းတော့ နီရဲနေသေးတယ်ပေါ့။ ကြည့်ရတာ အဲလို လှီးခံရတာ နည်းနည်းတော့ ကြာလောက်ပြီ။ လူမှုကူညီရေးအသင်းက လိုင်းကားနဲ့ သူ့နေရပ်ကို ပြန်ဖို့ စီစဉ်ပေးလိုက်တယ်။ နေရပ်ရောက်၊ မရောက်တော့ မသိရသေးဘူး” လို့ ဆိုပါတယ်။
မအာမီးလေးရဲ့ ပြောပြချက်အရ သူမဟာ ပေါင်ဆန်းမြို့မှာ ရောင်းစားခံရပြီး ထွက်ပြေးလာချိန်မှာတော့ သားသမီး ၂ ဦးက တရုတ်ဖက်မှာ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ မူဆယ်ဘက်ကို ပြန်လာချိန် လမ်းပင်ကောင်းကောင်း မလျှောက်နိုင်တော့ဘဲ ဂျိုင်းထောက်နဲ့ သွားလာနေရတယ်လို့ အဆိုပါအမျိုးသားက ဆက်ပြောပြပါတယ်။
တရုတ်နိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး ပွဲစားကနေတစ်ဆင့် တရုတ်မယားအဖြစ် ရောင်းစားခံရတာ၊ လိင်လုပ်သားအဖြစ် ရောင်းစားခံရတာနဲ့ အတင်းအဓမ္မ စေခိုင်းခံရတာတွေကို မြန်မာအမျိုးသမီးတွေ မကြာခဏ ကြုံတွေ့နေရကြောင်း စုံစမ်းသိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း အလုပ်အကိုင်ရှားပါးမှုတွေနဲ့ တိုက်ပွဲကြောင့် ပြည်ပကို အလုပ်သွားရောက်လုပ်ကိုင်သူတွေ များပြားပြီး ဒုက္ခမျိုးစုံကြားက အလုပ်လုပ်ကိုင်နေကြရကြောင်း သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။