ရွှေဖီမြေ၊ ဩဂုတ် ၄ ရက်၊ လားရှိုး
စစ်ကောင်စီရဲ့ လွှတ်တော်ကနေ ရွေးချယ်တင်မြှောက်လိုက်တဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး ဦးဆောင်တဲ့အဖွဲ့က လားရှိုးမြို့ကို ရောက်ရှိနေကြောင်း ရွှေဖီမြေရဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“ဒီနေ့ (ဩဂုတ် ၄ ရက်)မှ လာတာတဲ့။ တက္ကသိုလ်ထဲ တွေ့သေးတယ်” လို့ သတင်းရင်းမြစ်က ရွှေဖီမြေကို ပြောဆိုထားပြီး လာရောက်တဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။
ဒေသခံတွေကတော့ ငွေအတောင်းကြမ်းတဲ့ လားရှိုးမြို့ အဝင်အထွက်ရှိ ရေပူဂိတ်နဲ့ မယ်ဟန်ဂိတ်နဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့ တောင်းဆိုနေကြပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက “လားရှိုးမှာ ရှမ်းပြည်ဝန်ကြီးချုပ်လာလို့ ငွေအတောင်းကြမ်းတဲ့ မြို့အဝင်ဂိတ်တွေအကြောင်းလေး ဝန်ကြီးချုပ်သိအောင် ပြောပေးပါအုံး။ လူကြီးတွေလာတော့ အဲဂိတ်တွေ အခုရက်ပိုင်း နားထားတာ” လို့ ရွှေဖီမြေကို ပြောပါတယ်။
ဒေသခံတွေက အခြေခံစားသောက်ကုန်တွေကို မြို့ပြင်ကနေတဆင့် မြို့တွင်းထဲ သွင်းယူကြရပြီး ဂိတ်ချထားတဲ့ စစ်ကောင်စီရဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့က ကုန်တင်တဲ့ ဘယ်ကားကိုမဆို ၁ သိန်းအထက် ဆက်ကြေး ကောက်ခံနေတာကြောင့် အခက်ကြုံနေတာ ဖြစ်ပါတယ်။
“ပုံမှန်ဆို ဂိတ်မှာ ဘာအဖွဲ့တွေမှန်း မသိဘူး။ အရပ်ဝတ်နဲ့ရော ရဲဝတ်တွေရော ဖမ်းတာလည်း မဟုတ်။ အစားအသောက်လေး မြို့ထဲ ကားသေးနဲ့သယ်တာကို ငွေ သိန်းဂဏန်း တောင်းတာ စားစရာ မသွင်းရင် ဘာဝယ်စားရမှာတုန်း မြို့ထဲနေတဲ့သူတွေ”

လားရှိုးမြို့ကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း ဂိတ်ကြေး မြှင့်တက်လာကာ လားရှိုးမြို့ရှိ လူနေမှုဘဝ တစ်ဖြည်းဖြည်း ကြပ်တည်းလာနေပြီး ခိုးမှုနဲ့ ဓားပြမှု ဆက်တိုက် ဖြစ်ပွားနေတဲ့အပြင် ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမှု မရှိတာကြောင့် ဒေသခံတွေကြား ဝေဖန်မှု မြင့်တက်လာနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။