ရွှေဖီမြေ၊ မတ်လ ၂၃ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ စုံ၊ မ ယာဉ်တွေကို ယာဉ်ထိန်းရဲက စတင်ဖမ်းဆီးနေပြီး ငွေတောင်းတာတွေ လုပ်ဆောင်နေကြောင်း မြို့ခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
မတ်လ ၂၀ ရက်ကနေ ဒီနေ့ မတ်လ ၂၃ ရက် မနက်ပိုင်းအထိ လားရှိုးမြို့ အဝိုင်းပတ်အနီး ရပ်ကွက်(၁) စည်ပင်ရုံးရှေ့မှာ ယာဉ်ထိန်းရဲက မ ရက်မှာ စုံ ယာဉ်၊ စုံ ရက်မှာ မ ယာဉ်ထွက်တဲ့ ကားနဲ့ ဆိုင်ကယ် ဖမ်းဆီးကာ ငွေတောင်းတာတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။
လားရှိုးမြို့ခံ အမျိုးသားက “လမ်းကြားတွေမှာတော့ မဖမ်းဘူး။ တခြားမြို့မှာ လုပ်သလို လိုက်လုပ်နေတာ။ ဒီမှာက အဲလိုလုပ်တာ အဆင်မပြေဘူး” လို့ ပြောပါတယ်။
ဒဏ်ငွေအနေနဲ့ ကားတစ်စီးကို ၅ သောင်း၊ ဆိုင်ကယ်တစ်စီးကို ၃ သောင်းနှုန်းနဲ့ ယာဉ်ထိန်းရဲက ကောက်ခံနေတယ်လို့ ဆိုပါတယ်။
နောက်ထပ်မြို့ခံ အမျိုးသမီးတစ်ဦးကလည်း “သူတို့လုပ်ပုံက ကျမတို့ လူထုအတွက် အဆင်ပြေမနေပါဘူး။ အကြောင်းပြချက်က ဆီ ချွေတာတာတဲ့။ တခြားနည်းလမ်းနဲ့ ဖြေရှင်းလို့ ရပါတယ်။ ငွေလည်း တောင်းစရာ မလိုပါဘူး။ တမင်လုပ်စားတာပဲဖြစ်တယ်” လို့ ပြောပါတယ်။
လားရှိုးမှာ စုံ၊ မ ထွက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မတ်လ ၇ ရက်ကနေ ၁၃ ရက်အထိ ပညာပေးကာလ သတ်မှတ်ကာ စုံမယာဉ်နဲ့ ယာဉ်စည်းကမ်း လိုက်နာဖို့ ပြောဆိုတာ ရှိခဲ့ကြောင်း ဒေသခံတွေက ဆိုပါတယ်။
အရှေ့အလယ်ပိုင်းက တိုက်ပွဲကြောင့် စစ်ကောင်စီက စက်သုံးဆီ ချွေတာဖို့ ပြီးခဲ့တဲ့ မတ်လ ၃ ရက်မှာ စုံ၊ မ စနစ်နဲ့ ယာဉ်တွေ သွားလာဖို့ သတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။