ရဲမာန်၊ မတ်လ ၂၃ ရက်၊ အရာတော်
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် တောင်ပိုင်းတစ်နေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၅ နှစ်အရွယ် ကလေးတစ်ဦးနဲ့ မိခင်အပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ အရာတော်မြို့နယ် Local အဖွဲ့အစည်းရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုအောင်စည်က ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မတ်လ ၂၂ ရက် ည ၉ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ထပ် အရပ်သား ၄ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
“လက်ရှိအချိန်မှာ လေယာဉ်ဆီ အခက်အခဲကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းခိုင်းတာတွေ လုပ်ဆောင်နေပေမဲ့ စစ်ကောင်စီတပ်က အညာမြေဒေသနဲ့ စစ်ရှုံးတဲ့ နေရာအများစုကို လေကြောင်း တိုက်ခိုက်မှုတွေကတော့ လုပ်ဆောင်နေဆဲပါ။ အရပ်သားတွေအနေနဲ့ လေကြောင်းရန် ကာကွယ်ရေးတွေ လိုက်နာကျင့်သုံးကြဖို့ ပြောချင်ပါတယ်”
လက်ရှိမှာလည်း အရာတော်မြို့နယ်မှာ လေကြောင်းရန်နဲ့ပတ်သက်ပြီး ဟောပြောပွဲနဲ့ လက်ကမ်းစာစောင် ပေးကမ်းတာမျိုးတွေ လုပ်ဆောင်နေတယ်လို့ ကိုအောင်စည်က ဆက်ပြောပါတယ်။
အရာတော်မြို့နယ်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ် ၃ နာရီခွဲမှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ခရီးသွား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။