မတ်လ ၁၆၊ ရွှေဖီမြေ
လက်ရှိ ကိုးကန့်တပ်-MNDAAတပ်က တအာင်းတပ်-TNLAကို အကြီးအကျယ်ထိုးစစ်ဆင်ရခြင်းဟာ လက်ရှိ စစ်ကောင်စီဦးဆောင်နေတဲ့ စစ်အစိုးရသစ်လက်ထက်မှာ ပြည်ထောင်စုလမ်းမကြီးပွင့်ဖို့အတွက် တရုတ်အစိုးရက ကိုးကန့်တပ်ကို အသုံးချနေခြင်းဖြစ်တယ်လို့ ဒီအရေးကိုလေ့လာသုံးသပ်နေတဲ့ နိုင်ငံရေးသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လက်ရှိ လမ်းမကြီးပေါ်ရှိ တအာင်းတပ်ကို ဖယ်ရှားရှင်းလင်းပြီးနောက် လမ်းမပေါ်ရှိ အခြားလက်နက်ကိုင်တွေကိုလည်း ဆက်လက်ဖယ်ရှားသွားမယ့် အနေအထားမှာ ရှိနေတယ်လို့ ဆိုပါတယ်၊
“ဒီကစ္စအတွက် သူတို့ပြင်ဆင်တာက ၁၂လပိုင်းနဲ့၁လပိုင်းကြားကတည်းကပါ။ တရုတ်က စကစကိုလုပ်ခိုင်းတာက စကစကမလုပ်နိုင်လို့ ကိုးကန့်တပ်ကို တာဝန်ပေးလိုက်တဲ့သဘောပါ။ အစိုးရသစ်တက်ပြီးရင် ဒီလမ်းကြီး ပြန်ပွင့်သွားမှာပါ။ လမ်းမပေါ်ကျန်နေတဲ့ KIA နဲ့ AAလည်း ဖယ်ပေးရလိမ့်မယ်”လို့ ဆိုပါတယ်။
လက်ရှိ ကိုးကန့်တပ်ဟာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ တအာင်းတပ်အကုန်လုံးကို ဖယ်ရှားထားပြီး ညီနောင်မဟာမိတ် ၃ဖွဲ့ ပူးတွဲထိန်းချုပ်တဲ့နေရာအားလုံးရှိ တအာင်းတပ်အုပ်ချုပ်ရေးအားလုံးကို ဖယ်ရှားထားပြီ ဖြစ်ပါတယ်။
မတ်လ ၁၄ရက်ကနေ စတင်ထိုးစစ်ဆင်ပြီး ကွတ်ခိုင်ကိုသိမ်းပိုက်ပြီးနောက် လက်ရှိ လားရှိုးမှာ စစ်ကောင်စီနဲ့ ဆွေးနွေးလျက်ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ပြည်ထောင်စုလမ်းမကြီးပေါ်မှာ KIAထိန်းချုပ်ထားတဲ့ နမ့်ဖက်ကာလည်း ရှိထားပြီး AAတပ်ဖွဲ့လည်း ၁၀၅မိုင်နဲ့ကျင်စန်းကျော့ကို ပူးတွဲအုပ်ချုပ်ထားပါတယ်။
အခုလို ကိုးကန့်ဘက်က ထိုးစစ်ဆင်မှုဟာ ခုခံကာကွယ်တဲ့လုပ်ရပ်သာဖြစ်ပြီး အခုဖြစ်စဉ်အတွက် တအာင်းတပ်ဘက်က တာဝန်ယူရမယ်လို့ ကိုးကန့်တပ်က ရာဇသံပေးထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။