ပပ၊ ဇူလိုင် ၁၆ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့နယ် အီနိုင်းကျေးရွာသို့ MNDAA-ကိုးကန့်တပ်ကပြုလုပ်တဲ့ အစည်းအဝေးကိုတက်ပြီး ပြန်လာတဲ့ နားဟွယ်ရွာသူကြီးကို MNDAA က ရိုက်နှက်ခဲ့လို့ ဒဏ်ရာရခဲ့ကြောင်း ရွာခံ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက် နေ့လယ်မှာ အီနိုင်းရွာမှာအစည်းအဝေးလုပ်ပြီး ပြန်လာတဲ့ နားဟွယ်ရွာသူကြီးဖြစ်သူ အသက် ၃၀ ကျော်အရွယ် ဦးစိုင်းထွန်းလှကို လားရှိုးမြို့အပြင် နောင်လိုင် ကြာကန်အနီးရှိ MNDAA စစ်ဆေးရေးဂိတ်ရှိ တပ်သားတွေက ရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။
ရွာခံအမျိုးသမီးက “သူကအစည်းအဝေးကနေပြန်လာတာ။ အဲနားရောက်တော့ စစ်နေတဲ့အချိန် ကားနှစ်စီးအရှေ့သွားရပ်မိတာ။ အဲတာကို သူထွက်ပြေးမယ်ထင်လို့ စစ်သားက ရိုက်လိုက်တာ။ အဲအချိန်သူ့ကိုသူ လက်နဲ့ ကာကွယ်တော့ နောက်စစ်သားတစ်ယောက်က သူပြန်လုပ်တယ်ထင်လို့ ပြန်သွားကူရိုက်သေးတာ။ သေနတ်ဒင်တွေနဲ့ထုတာ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ၎င်းအမျိုးသားဟာ ကျောကုန်းနဲ့လက်အပြင် ဦးခေါင်း ဒဏ်ရာရထားပြီး ဆေးကုသနေရကြောင်း ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇူလိုင် ပထမပတ်ကလည်း ၎င်းနေရာမှာ လားရှိုးမှ ပြန်လာတဲ့ အသက် ၂၀ ကျော်အရွယ် ခရီးသွား အမျိုးသား ၂ ဦးကို MNDAA က ပါးရိုက်ခဲ့တဲ့အပြင် သေနတ်နဲ့လည်း ချိန်ခဲ့ကြောင်း အနီးဝန်းကျင်ရှိ မျက်မြင်တွေ့ခဲ့ရသူရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် လက်ရှိမှာ လားရှိုးမြို့အပြင် သိန္နီအထွက်၊ နမ္မတူအထွက်နဲ့ ခေးနင်းအထွက်ရှိ MNDAA စစ်ဆေးရေးဂိတ်တွေမှာ ခရီးသွားလူထုထဲက တအာင်းလူထုတွေကိုသာ အဓိက စစ်ဆေးနေကြောင်း ခရီးသွားလူထုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက် ညနေ ၅ နာရီ ဝန်းကျင်မှာ လားရှိုးမြို့ထဲ ရှော့တိုက်ဒုံးပစ်ခတ်ခံခဲ့ရပြီးတဲ့နောက် မြို့တွင်းမှာ စစ်ကောင်စီတပ်က စစ်ဆေးတာတွေ ပိုလုပ်လာသလို မြို့အပြင်ရှိ ကိုးကန့်တပ်တွေလည်း ခရီးသွားတွေကို ပိုပြီးတော့ စစ်ဆေးတင်းကြပ်နေတယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။