ရွှေဖီမြေ၊ မတ်လ ၂၅ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ရှိ KTV တွေမှာ ရဲတပ်သားတစ်ဦးက မူးယစ်ဆေးဝါးတွေ လိုက်ရောင်းနေကြောင်း မြို့ခံအမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
မတ်လ ၂၂ ရက်အထိ လားရှိုးမြို့ရှိ KTV ဆိုင်ကြီးတွေမှာ ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား နန်းဇွန်ပွင့်စံခေါ် နေနေဆိုသူက လိုက်ရောင်းနေတာပဲ ဖြစ်ပါတယ်။
လားရှိုးမြို့ခံ အမျိုးသားက “သူက ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးဝန်းထဲနေပြီး ညရောက်ရင် Happy water, K နဲ့ E တို့ကို ဆိုင်ကြီးတွေမှာ လိုက်ဖြန့်တာ” လို့ ပြောပါတယ်။
၎င်းတပ်သားနဲ့အတူ ရဲမှူးကပါ ပါဝင်ပတ်သက်နေကြောင်း အထက်ပါ အမျိုးသားက ပြောဆိုပေမဲ့ ရွှေဖီမြေကတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အလားတူ လားရှိုးမြို့ရှိ KTV နဲ့ Bar တွေမှာ မူးယစ်ဆေးဝါးအစုံ အလွယ်တကူ ရနေကြောင်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ လောင်းကစားဝိုင်း ပိုများလာသလို မူးယစ်ဆေးဝါးလည်း အလွယ်တကူ ဝယ်ယူလို့ ရနေတာကြောင့် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှု၊ ခိုးမှုနဲ့ လုယက်မှု မကြာခဏ ဖြစ်ပွားနေပြီး ပိုင်ရှင်မဲ့အလောင်းလည်း မကြာခဏ တွေ့နေရကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။