မိုင်းဖိူမ်းဆငဲ၊ ဇူလိုင် ၂၁ ရက်၊ မန်တုံ
တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့မှာ မနေ့ ဇူလိုင် ၂၀ ရက်က ထောင်ဖောက်မှုဖြစ်ပွားခဲ့ပြီး အကျဉ်းသား ၁၅ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ခိုင်လှုံတဲ့ သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မနေ့ (ဇူလိုင် ၂၀ ရက်) က ထောင်စောင့်တဲ့သူက အိပ်ပျော်သွားတာ။ အိပ်ပျော်တဲ့အချိန် သူတို့ ဖောက်ပြီး ထွက်ပြေးသွားတာ”လို့ ဆိုပါတယ်။
ထွက်ပြေးလွတ်မြောက်နေတဲ့ အကျဉ်းသားတွေထဲမှာ နမ့်ဆန်မြို့နယ်ထဲက ကျေးရွာတစ်ခုမှာ သက်ငယ်အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့သူ အသက် ၂၅ နှစ်အရွယ် ကျော်ဌေးဆိုသူပါဝင်ပြီး လူသတ်မှုကျူးလွန်တဲ့ မတ္တရာက ဦးဇော်မင်းဆိုသူတို့လည်း ပါဝင်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ခိုးမှုကျူးလွန်သူ ၁ ဦး၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကျူးလွန်သူ ၃ ဦး၊ မူးယစ်ဆေးဝါးသုံးစွဲသူ ၇ ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်၂ ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။
“ဒါပေါ့တာ။ ပေါ့ဆမှုပေါ့။ ဒီလောက်ထိ လူအများကြီးလွတ်သွားတာ။ ပြီးတော့ စကစ နှစ်ယောက်က ဒလန်ပဲ ဖြစ်ရမယ်။ ဒီလိုပေါ့လျော့ရင် နောက်လူတွေလည်း ပေါ့ကြမှာပဲ”
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တအာင်းတပ်ဘက်က တစ်စုံတစ်ရာတုန့်ပြန်တာမျိုးတော့ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်တုန်းကလည်း တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ခဲ့တဲ့ ကွတ်ခိုင်မြို့မှာလည်း အလားတူ ထောင်ဖောက်မှု ဖြစ်ပွားခဲ့ဖူးပြီး သက်ငယ်အဓမ္မပြုကျင့် ကျူးလွန်ထားတဲ့သူတွေအပါအဝင် ထောင်သား ၂၀ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။