မိုင်းရူပ၊ ဧပြီ ၅ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်နဲ့ တန့်ယန်းမြို့နယ်ရှိ ကျားဖြန်ရုံတွေကို စစ်တပ်ဘက်က ဝင်ရောက်စီးနင်းခဲ့ပြီး ကျားဖြန်လုပ်ကိုင်သူ ၁၃၀ နီးပါးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက မနေ့ ဧပြီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
မနေ့ ဧပြီ ၄ ရက် မနက်ပိုင်းမှာ တန့်ယန်းမြို့နယ် ကောင်းဆန်ရွာအနီးရှိ ကျားဖြန်ရုံကို စစ်တပ်ဘက်က ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား အမျိုးသား ၁၀၀ ဦး၊ အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၈ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်ရာမှာ အသုံးပြုတဲ့ အဆောက်အဦးနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
မနေ့တစ်ရက်တည်းမှာတင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်မှာလည်း ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇ ဦးကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
မူဆယ်မြို့မှာ ကျားဖြန်ရုံတွေ ဆက်ရှိနေပြီး အခွန် မဆောင်တာကြောင့် စစ်ကောင်စီဘက်က ဟန်ပြဖမ်းဆီးတာ ဖြစ်တယ်လို့ ဖြစ်စဉ်သိရှိသူ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ပြီးခဲ့တဲ့ မတ်လထဲမှာ စစ်ကောင်စီဘက်က ခေါင်းဆောင်ပိုင်းတွေ အပြောင်းအလဲ လုပ်တာရှိတယ်။ အခွန်ကိစ္စ အဆင်မပြေလို့ လိုက်ဖမ်းပြတာနေမှာ”
စစ်တပ်ဘက်ကတော့ မြန်မာနိုင်ငံမှာ အခြေပြုပြီး ကျားဖြန်လုပ်ကိုင်သူတွေကို ဆက်လက်နှိမ်နင်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃ ရက်မှာလည်း စစ်တပ် ထိန်းချုပ်ထားတဲ့ ရှမ်းအရှေ့ တာချီလိတ်မြို့ပေါ်ရှိ ဟိုတယ်တစ်ခုမှာ ကျားဖြန်လုပ်နေတဲ့ နိုင်ငံခြားသား ၄၀၀ နီးပါးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကုန်ပိုင်းကစပြီး ရှမ်းမြောက် မူဆယ်၊ တန့်ယန်း၊ မိုင်းရယ်၊ သီပေါနဲ့ ရှမ်းအရှေ့ တာချီလိတ်မြို့အပါအဝင် ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ ကျားဖြန်လုပ်ကိုင်သူတွေကို လိုက်လံ ဖမ်းဆီးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။