ပို့လဘား၊ မတ်လ ၂၁ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်မှာ ကျားဖြန်လုပ်ကိုင်သူ အယောက် ၈၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်မြို့နယ် ကောင်းမှုတုံရပ်ကွက်နဲ့ တော်ရွက်ရပ်ကွက်မှာရှိတဲ့ ကျားဖြန်ရုံတွေကို စစ်ကောင်စီက မနေ့ မတ်လ ၂၀ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသား ၈၀ ကျော်အပါအဝင် ၎င်းတို့ အသုံးပြုတဲ့ စတားလင့်စက်နဲ့ ဆက်စပ်ပစ္စည်းတွေလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
“မနေ့ သူတို့ဝင်ဖမ်းတာ အများကြီးပဲ ဖမ်းမိတယ်။ မနေ့တနေကုန် နေရာအတော်များများမှာပဲ သူတို့ လိုက်စစ်ဆေးနေတာ။ သူတို့ဖမ်းမိတဲ့အထဲမှာ တရုတ်နိုင်ငံသား ဘယ်လောက်ပါလဲ။ မြန်မာနိုင်ငံသား ဘယ်လောက်ပါလဲ အတိအကျ မသိရဘူး” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်တပ်ဟာ တရုတ်ဘက်က ဖိအား ပေးလာမှ အခုလို ဖမ်းဆီးမှုတွေ ပြုလုပ်လေ့ရှိပြီး အခု ဖမ်းဆီးမှုမှာလည်း ဟန်ပြ ဖမ်းဆီးခြင်းသာ ဖြစ်တယ်လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ထရမ့်ရဲ့ ကြေညာချက် ထွက်လာပြီးနောက်မှာပဲ မူဆယ်က ကျားဖြန်ရုံတွေ ဝင်ဖမ်းတာ။ အဓိက FBI (အမေရိကန် ထောက်လှမ်းရေးဗျူရို)က ဝင်ဖမ်းမယ်လုပ်တော့ သူတို့လည်း ပူးပေါင်းပါတယ်ပေါ့။ တကယ်က သူတို့အကုန် လိုင်းကြေးရလို့ အဲကျားဖြန်တွေကို ကာကွယ်ထားတာ”
မူဆယ်မြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖျန်)လုပ်ကိုင်သူ မြန်မာနိုင်ငံသားနဲ့ တရုတ်နိုင်ငံသားအပါအဝင် ၅ သောင်းနီးပါး ရှိတယ်လို့ မူဆယ်မြို့မ ရဲစခန်းရှိ ရဲဝန်ထမ်းတစ်ဦးက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။