ရွှေဖီမြေ၊ မတ်လ ၂၂ ရက်၊ ရန်ကုန်
ရိုက်နှက်နှိပ်စက်ခံထားရတဲ့ တအာင်းအမျိုးသမီးတစ်ဦး ရန်ကုန် လေဆိပ်သို့ ပို့ဆောင်ခံထားရပြီး မိသားစုဝင်နဲ့ ဆက်သွယ်ဖို့ အကူအညီ လိုအပ်နေကြောင်း ခေါ်ဆောင်ထားသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီနေ့ မတ်လ ၂၂ ရက်မှာ သက်ဆိုင်ရာက လေဆိပ်ကနေ တအာင်းစာပေယဉ်ကျေးမှုကို ဆက်သွယ်ပြီး လက်ရှိမှာတော့ ရန်ကုန် သာသနာ့ရောင်ခြည်ဦး (ပလောင်)ကျောင်းသို့ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသားက “သူက လေဆိပ်မှာ ယောင်လည်လည် ဖြစ်နေလို့ ရဲတွေက ခေါ်စစ်တာ။ သူ့မှတ်ပုံတင်မှာ မတနဆိုလို့။ သူတို့က အဆင့်ဆင့် ဆက်သွယ်လာတာ။ လောလောဆယ်တော့ သူ့ကို ဘာမှမေးလို့မရသေးဘူး” လို့ ပြောပါတယ်။
၎င်းအမျိုးသမီးဟာ အသက် ၂၀ ဝန်းကျင်အရွယ်ဖြစ်ပြီး တရုတ်ပြည်ကနေ ရန်ကုန်လေဆိပ်သို့ ပြန်ပို့ခံရတာလို့ ဆိုပါတယ်။
”သူ့ကိုကြည့်ရတာ စိတ်ဒဏ်ရာတစ်ခုခု ရထားတယ်လို့ ထင်တယ်။ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေဘဲ” လို့ ၎င်းက ဆက်ပြောပါတယ်။
၎င်းအမျိုးသမီးကို လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးပေးမှာဖြစ်ပြီး မိသားစုအနေနဲ့ အမြန်ဆုံး ဆက်သွယ်လာပေးဖို့ ခေါ်ယူစောင့်ရှောက်ထားသူတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။