ပို့လဘား၊ ဧပြီလ ၆ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ် – မြန်မာ နယ်စပ် ရှမ်းမြောက် မူဆယ်မြို့မှာရှိတဲ့ ဟိုတယ် 68 အနီး ကျားဖြန်ရုံတစ်ခုမှာ လူသတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ကျားဖြန်လုပ်ကိုင်သူတွေကိုလည်း ဝင်ရောက်ဖမ်းဆီးပြုလုပ်နေတာ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်ရှိ ဟိုတယ် 68အနီးက ကျားဖြန်ရုံတစ်ခုမှာ တရုတ်နိုင်ငံအမျိုးသားတစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီလက်အောက်ခံဖြစ်တဲ့ ပြည်သူ့စစ်နဲ့ ရဲတပ်ဖွဲ့တို့က ၎င်းကျားဖြန်ရုံကို ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်မှာ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။
“ဟုတ်တယ်။ လူသတ်မှုဖြစ်တာ တရုတ်နိုင်ငံသားတစ်ယောက် အသတ်ခံရတာ။ ဘာကြောင့်လဲတော့မသိရဘူး။ အဲကနေ သိပြီးတော့ ကျားဖြန်တွေ လာဖမ်းသွားတာ 68 ဟိုတယ်နားမှာ ” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်ကလည်း မူဆယ်မြို့နယ် ကောင်းမှုတုံရပ်ကွက်နဲ့ တော်ရွက်ရပ်ကွက်မှာရှိ ကျားဖြန်ရုံကို စစ်ကောင်စီကဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသား ၈၀ ကျော် အပါအဝင် ၎င်းတို့အသုံးပြုတဲ့ အဆောက်အအုံ၊ စတားလင့်စက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
မူဆယ်မြို့က အွန်လိုင်းငွေလိမ်လုပ်ငန်း( ကျားဖျန်)လုပ်ကိုင်သူတွေထဲမှာ တရုတ်နိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသား ၅သောင်းနီးပါးလည်း ပါဝင်လုပ်ကိုင်နေကြတယ်လို့ မူဆယ်မြို့မ ရဲစခန်းရှိ ရဲဝန်ထမ်းတစ်ဦးက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။