မိုင်းရူပ၊ သြဂုတ် ၂၅ ရက်၊ ဝက်လက်
တော်လှန်ရေးတပ်တွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်း ကန့်ဖြူရွာကို စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက် မနက် ၈ နာရီဝန်းကျင်မှာ စစ်တပ်က ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာတွေကို Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး မြစ်ကမ်းဘေးရှိ ကန့်ဖြူရွာက အမျိုးသားတစ်ဦး သေဆုံးခဲ့ရာ နောက်ထပ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးလည်း ဗုံးစထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။
“ရေကြောင်းက သင်္ဘောတွေ တက်လာတော့ Y-12 နဲ့ မြစ်ကမ်းဘေးတွေ လှည့်ကြဲနေတာ။ ကန့်ဖြူရွာက တစ်ယောက်သေတယ်။ နောက်နှစ်ယောက် ဒဏ်ရာ ရတယ်” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဧရာဝတီမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်တပ်ရဲ့ သင်္ဘော ၁၅ စီးဟာ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ထုံကြီးရွာအနီးကို ရောက်ရှိနေတယ်လို့ ၎င်းက ဆက်ပြောပြပါတယ်။
စစ်တပ်ဟာ တော်လှန်ရေးတပ် အားကောင်းတဲ့ ဝက်လက်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက နေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေပြီး အရပ်သား သေဆုံးမှုတွေလည်း ဆက်လက် မြှင့်တက်နေပါတယ်။
သြဂုတ် ၂၀ ရက်မှာလည်း စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက ဆွဲလဲအို ဘုန်းကြီးကျောင်းမှာ တရားပွဲ ပြုလုပ်နေချိန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သံဃာတော်အပါအဝင် ဒေသခံ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်မှာလည်း ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ် ဗုံးကြဲလို့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။