အလင်း၊ သြဂုတ် ၂၅ ရက်၊ ပလက်ဝ
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့မှာ ခူမီးအမျိုးသားကွန်ကရက်ပါတီ/ ခူမီးပြည်သူ့တပ်မတော်- KNCP/KPF ရဲ့ ယာယီရုံးကို အာဏာပိုင်အဖွဲ့က ဝင်ရောက်စီးနင်းရာ ခဲယမ်းနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံသားတွေ ငှားရမ်းနေထိုင်တဲ့ နေအိမ်ကို မီဇိုရမ် ရဲတပ်ဖွဲ့နဲ့ လိုင်လူငယ်အဖွဲ့အစည်း- LYA က သြဂုတ် ၁၉ ရက် ည နာရီခန့်က ဝင်ရောက်စီးနင်းခဲ့တာပဲ ဖြစ်ပါတယ်။
“တိုင်ကြားခံထားရတဲ့ အခြေအနေပါ။ ဒါမှမဟုတ် လူအဝင်အထွက် များလို့ စစ်ဆေးတာဖြစ်မယ်” လို့ ဖြစ်စဉ်သိရှိသူ မြန်မာအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဝင်ရောက်စစ်ဆေးရာမှာ ခဲယမ်းနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိပြီး ခူမီးအမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
“KNCP/KPF ယာယီရုံးလို့ သိရတယ်။ ခဲယမ်းတွေ စစ်အသုံးဆောင် ယူနီဖောင်းတွေ သိမ်းဆည်းရမိတယ်။ လူတစ်ယောက်လည်း အဖမ်းခံရတယ်” လို့ အထက်ပါ မြန်မာအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
သိမ်းဆည်းရမိတဲ့ ခဲယမ်းတွေဟာ ၇.၆၂ ကျည် (၇၁ တောင့်)၊ ၅.၅၆ ကျည် (၁ တောင့်)၊ ၉ မမ ကျည် (၁ တောင့်)၊ ကျည်ကာအင်္ကျီနဲ့စစ်ဝတ်စုံအပြင် မြန်မာငွေ ကျပ် ၃၄ သိန်း၊ အိန္ဒိယငွေ ရူပီး ၅ သိန်းတို့ ဖြစ်ပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး KNCP/KPF တာဝန်ရှိသူတွေဆီ ဆက်သွယ်ထားပေမဲ့ ဖြေကြားတာ မရှိသလို အဖွဲ့ဘက်က ထုတ်ပြန်ထားတာလည်း မရှိသေးပါဘူး။
KNCP/KPF ဟာ ချင်းပြည်နယ် ပလက်ဝမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ နိုင်ငံတကာရောက် ခူမီးလူမျိုး၊ ပညာရှင်၊ နိုင်ငံရေးသမားတွေနဲ့ စုစည်းဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။