ရွှေဖီမြေ၊ ဇူလိုင် ၂၈ ရက်၊ ဝက်လက်
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် တောင်ခြမ်းဘက်နဲ့ စစ်ကိုင်း မြောက်ခြမ်းဘက်မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ Wetlet Informational Network က ဒီနေ့ ဇူလိုင် ၂၈ မှာ ထုတ်ပြန်ထားပါတယ်။
ဒီနေ့မနက် ၁၀ နာရီခွဲကျော်မှာ ဝက်လက်မြို့တောင်ခြမ်းက ပေါက်ကန်ဘူတာရွာထဲ ဗုံး၂ ကြိမ်နဲ့ စစ်ကိုင်းမြောက်ခြမ်းက စမွန်းရွာထဲ လေယာဉ်နဲ့ ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် ပေါက်ကန်ဘူတာရွာမှာ စစ်ဘေးရှောင်နေတဲ့ ရွှေပြည်ရွာက ဦးမြင့်သန်း (၆၀ နှစ်)နဲ့ စမွန်းရွာက မမြင့်မော် (၄၀ နှစ်)ဆိုသူ သေဆုံးခဲ့တဲ့အပြင် ဒေသခံ ၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် လေကြောင်း တိုက်ခိုက်မှုအတွင်း ဒေသခံနေအိမ် ၂၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း Wetlet Informational Network ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
မနေ့ ဇူလိုင် ၂၇ ရက် ၁၀ နာရီခွဲမှာလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်း ကူကြီးရွာ အနောက်ဘက် မန်းကျည်းကုန်းတောတိုက်အနီး လေယာဉ် ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။