မိုင်းရူပ၊ ဇူလိုင် ၃၀ ရက်၊ မဘိမ်း
ကချင်တပ်မတော်- KIA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မဘိမ်းမြို့ပေါ်နဲ့ ဘဟဲကျေးရွာထဲ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၃၀ ရက် ညနေ ၄ နာရီဝန်းကျင်မှာ မိုးမိတ်မြို့နယ် မြစ်စုံရွာနဲ့ မဘိမ်းမြို့ကြားရှိ ဘဟဲရွာနဲ့ မဘိမ်းမြို့ပေါ်ရှိ ရဲစခန်းအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
“ဘဟဲမှာက ဂျက်လေယာဉ်နဲ့ ဗုံး ၁ လုံး လာကြဲသွားတယ်။ မဘိမ်းမြို့ပေါ်တော့ ရဲစခန်းဟောင်းနားမှာ ကျတာ။ ကလေးတစ်ယောက် ဒဏ်ရာပြင်းထန်တယ်။ ကျန် ၃ ယောက်က နည်းနည်းပဲ ထိတယ်” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဘဟဲရွာထဲ ဗုံးကြဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်မှာ စစ်တပ်က မဘိမ်းမြို့ပေါ် ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူ ၁၀ ဦးထက်မနည်းရှိပြီး အသေးစိတ် အခြေအနေကိုတော့ ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
မဘိမ်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ KIA နဲ့ ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်က စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေထဲ မဘိမ်းမြို့နယ်လည်း ပါဝင်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။