ပို့လဘား၊ ဇူလိုင်လ ၁၅ ရက်၊ မကွေး
မကွေးတိုင်း ပေါက်မြို့နယ် ထောက်ရှာပင်ရွာက နေအိမ် ၅၄ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း- မြိုင်ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပေါက်မြို့နယ် ထောက်ရှာပင်ရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်ကနေ ဇူလိုင် ၁၃ ရက်အထိ စစ်ကြောင်းထိုးလာပြီးကျေးရွာတွင်းရှိ ဒေသခံနေအိမ် ၅၄ လုံး မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
“နေအိမ် ၅၄ လုံးနဲ့ ထရန်စဖော်မာတစ်လုံး မီးရှို့ခဲ့တယ်။ အခုစစ်တပ်တို့ရဲ့ စစ်ကြောင်းက ထောက်ရှာပင်ရွာကနေထွက်လာပြီး အရှေ့ဘက်ကို ထွက်လာပြီးတော့ ကိုင်းတောမရွာထဲကို ဝင်ရောက်သွားတာ တွေ့ရတယ်”
အလားတူ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်ကလည်း မြိုင်မြို့နယ် လက်ခုပ်ပင်ရွာနဲ့ ကန်နက်ကျေးရွာက နေအိမ် ၇၀ ကျော်ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတာကြောင် ကျေးရွာ ၁၆ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံ ၆ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။