ရွှေဖီမြေ၊ ဧပြီ ၂၀ ရက်၊ ကျောက်မဲ
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်တဲ့ ကျောက်မဲမြို့နယ်က ဒေသခံ ၁၀ ဦး ထက်မနည်းကို တော်လှန်ရေးတပ်တွေနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ သတင်းရဲတပ်ဖွဲ့(SP)က ဖမ်းဆီးသွားပြီးတော့ ၁ ဦးကို ငွေ သိန်း ၂၀ ကနေ သိန်း ၁၀၀ အထိ တောင်းယူပြီး ပြန်လွှတ်ပေးတာလို့ ကျောက်မဲ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
အရင်က TNLA ထိန်းချုပ်ထားတဲ့ ကာလအတွင်းမှာ ၎င်းတို့နဲ့ပတ်သက်မှုရှိတယ်ဆိုပြီး အကြောင်းအမျိုးမျိုးပြကာ ဒေသခံတွေကို မထင်ရင်မထင်သလို ဖမ်းဆီး ခြိမ်းခြောက် ငွေတောင်းခံနေတာလို့ ဆိုပါတယ်။
“အဲဖြစ်စဉ်အကုန်လုံးကို SP ရဲမူးမင်းမင်းကဘဲ ဦးဆောင်ပြီးလုပ်တာ။ ပြည်သူတွေကို သူတို့စိတ်မထင်ရင် မထင်သလိုခေါ်ယူပြီး စစ်ဆေးတာ။ ငွေယူပြီးရင်တော့ပြန်လွတ်ပေးတယ်။ ပြည်သူတွေက ဘယ်လက်နက်ကိုင် အဖွဲ့အစည်းဘဲဖြစ်ဖြစ် အကူအညီတောင်းလာရင် လုပ်ပေးရတာဘဲ” လို့ ပြောပါတယ်။
ဒေသခံတွေကို ဖမ်းဆီး စစ်ဆေးမေးမြန်းတဲ့အတောအတွင်းမှာလည်း ရိုက်နှက်နှိပ်စက်တာတွေလည်း ပြုလုပ်တယ်လို့ အထပ်သူက ပြောပါတယ်။
“သူတို့ဖမ်းသွားတဲ့ ဒေသခံတွေလည်း ၁၀ ဦး ထက်မနည်းဘူး။ ပေးရတဲ့ ပိုက်ဆံက တစ်ယောက်ကို ၂၀၊ ၃၀၊ ၅၀ တချို့တွေက ၁၀၀ လောက်ထိကို ကုန်တယ်။ အဖမ်းခံရတဲ့သူ အများစုကတော့အမျိုးသားတွေဘဲ အမျိုးသမီးက အနည်းစုလောက်ဘဲပါတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ သူအများစုဟာ ပန်ပေါင်းရွာ၊ တိလင်ရွာနဲ့ ရပ်ကွက် ၉ မှာ နေထိုင်တဲ့ ဒေသခံတွေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
SP ရဲမူး ကိုမင်းမင်းဆိုသူဟာ ဒေသခံပြည်သူတွေကို ကြောက်လန့်အောင် ခြိမ်းခြောက်ပြောဆိုနေတာကြောင့် ကျောက်မဲမြို့နယ်က တာဝန်ရှိသူတွေအနေနဲ့ တာဝန်ယူဖြေရှင်းပေးကြဖို့ ဒေသခံတွေက တောင်းဆိုထားကြပါတယ်။
အလားတူ စစ်တပ်ပြန်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့အပြင် သီပေါနဲ့ နောင်ချိုမြို့မှာလည်း စစ်ကောင်စီတပ်က နေအိမ်တွေကို ချိတ်ပိတ်ပြီး အခုလို မြို့ခံတချို့ ဖမ်းဆီးတာတွေ ရှိတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။
ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှာ တအာင်းတပ်-TNLAဆီကနေ ပြန်လည်သိမ်းယူခဲ့တာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။