မြတ်နိုး၊ ဩဂုတ် ၈ ရက်၊ မူဆယ်
မူဆယ်အထွက် စစ်ကောင်စီဂိတ်မှာ အရင်တစ်ပတ်ကတည်းက တရုတ်ပစ္စည်းတွေ ပေးမဖြတ်တော့ကြောင်း ကားသမားတွေဆီက သိရပါတယ်။
“မူဆယ်အထွက်ဂိတ်မှာ ပါဆယ်အသေးလေးတောင် ပေးမဖြတ်တော့ဘူး။ တရုတ်ပစ္စည်း လုံးဝ ပေးမဖြတ်တော့တာ။ ကားတွေ ရပ်ထားနေရတယ်” လို့ ကားပိုင်ရှင်တစ်ဦးက ပြောပါတယ်။
မူဆယ်ဘက်က တရုတ်ပစ္စည်းတွေ ညီနောင်မဟာမိတ် ထိန်းချုပ်ထားတဲ့ ၁၀၅ မိုင်ဘက်လည်း အဝင်မခံဘူးလို့ သူက ပြောပါတယ်။
ပစ္စည်းတွေ တင်ဆောင်ခွင့် မပေးတော့တာကြောင့် ခရီးသည်လည်း ပါးနေလို့ ပုံမှန် တစ်ပတ်သုံးခေါက်နဲ့ လေးခေါက် ရပေမဲ့ လက်ရှိတော့ လူလည်း ပါးနေတဲ့အတွက် ကားတွေက တစ်ပတ်တစ်ခေါက်တောင် မရလို့ အခက်အခဲ ကြုံနေရတယ်လို့ ဆိုပါတယ်။
“တရုတ်ပစ္စည်း ပါဆယ်သေးသေးတောင် ပြန်လှည့်ခိုင်းနေတယ်။ အဲလို ပေးမဖြတ်တာ ၅ ရက်၊ ၆ ရက် လောက်ရှိပြီ။ စက်ပစ္စည်းဆိုရင်ပိုဆိုး။ ကားခကတော့ အရမ်းဈေးကြီးတယ် အခု ပစ္စည်းမပေးတော့လေ” လို့ ကားသမားတစ်ဦးကလည်း ပြောပါတယ်။
မူဆယ်မြို့အထွက်က စစ်ကောင်စီဂိတ်မှာ ကားတွေကို ငွေ တောင်းကြမ်းနေတဲ့အကြောင်း လိုင်းပေါ် တင်ခံရလို့ ပစ္စည်းပေးမဖြတ်တော့တာလို့ ကြားသိရကြောင်း ၎င်းက ဆက်ပြောပါတယ်။
တရုတ်နယ်စပ်ဒေသကို မှီခိုပြီး လုပ်ငန်းလုပ်ကိုင်နေကြတဲ့ နယ်စပ်ဒေသခံ ကားသမားအပါအဝင် ကုန်ဂိတ်လုပ်ငန်းရှင်၊ ကုန်သည်တွေကတော့ တရုတ်ပစ္စည်း ကန့်သတ်မှုကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းထားရတာ များလာနေပြီး စားဝတ်နေရေးအတွက် ပိုမိုခက်ခဲကြပ်တည်းလာတယ်လို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။