မိုင်းပန်ပျော်၊ ဇူလိုင် ၂၄ ရက်၊ နမ့်ခမ်း
ကိုးကန့်တပ်မတော်- MNDAA တပ်စွဲထားတဲ့ နမ့်ခမ်းမြို့နယ် ၁၂ မိုင်ရွာမှာ မူးယစ်ဆေးဝါး သုံးစွဲတဲ့ အမျိုးသားတစ်ဦးကို MNDAA တပ်သားတွေက ဖမ်းဆီးခဲ့ပြီး သေဆုံးတဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
ဖြစ်စဉ်ဟာ ဇူလိုင် ၂၂ ရက်က ၁၂ မိုင်ကျေးရွာ ဈေးထဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး MNDAA တပ်သားတွေက မူးယစ်ဆေးဝါး သုံးစွဲတဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးရိုက်နှက်ကာ အစားအသောက် မကျွေးဘဲ ချုပ်နှောင်ခဲ့တာလို့ ဖြစ်စဉ်သိရှိတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အဲဒီအမျိုးသားက တကယ်ဆေးသုံးတယ်။ အဲဒါကို ကိုးကန့်က သူ့ကိုဖမ်းပြီး ၁၂ မိုင်ဈေးထဲမှာ အစာမကျွေးဘဲ ချုပ်ထားတယ်။ အဲဒီနေ့ ထမင်းကျွေးတဲ့အချိန်မှာ နောက်ထပ် စစ်သားတစ်ဦးက လာပြီး ဆောင့်ကန်လိုက်တယ်။ သူ့ပါးစပ်က သွေးအန်ထွက်လာပြီး ဝက်လိုအော်တယ်။ အဲဒီနောက် ချုပ်ထားတဲ့နေရာမှာပဲ သေသွားတယ်”
သေဆုံးသွားတဲ့ အမျိုးသားရဲ့ နာမည်နဲ့ နေရပ်လိပ်စာကိုတော့ ရွှေဖီမြေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
၁၂ မိုင်ကျေးရွာကိုတော့ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်မှာ MNDAA က တအာင်းတပ်မတော်- TNLA ဆီကနေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
ဇူလိုင် ၁၄ ရက်ကလည်း လားရှိုးမြို့နယ် နားဟွယ်ကျေးရွာသူကြီးဟာ အစည်းအဝေးကနေအပြန် နောင်လိုင်-ကြာကန်အနီးရှိ MNDAA စစ်ဆေးရေးဂိတ်မှာ ရိုက်နှက်ခံခဲ့ရတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။