ဆုမွန်၊ ဩဂုတ် ၁၈ ရက်၊ မူဆယ်
ရှမ်းမြောက် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်
တပ်-KIA စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာတဲ့ ဒေသခံအမျိုးသားတစ်ဦးကို KIA တပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦး ပြောပြချက်အရ သိရပါတယ်။
မူဆယ်မြို့ နမ့်လိုင်ကျေးရွာနဲ့ နမ့်လောင်းကျေးရွာကြားမှာ တပ်စွဲထားတဲ့ KIA တပ်ဟာ ဒီနေ့ ဩဂုတ် ၁၈ ရက် မနက် ၁၀ နာရီဝန်းကျင်က ၎င်းတို့ စစ်ဆေးရေးဂိတ် စစ်ဆေးနေချိန်မှာ ကားတစ်စီးက မရပ်တန့်ပေးတာကြောင့် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
“သူကားမောင်းလာတာ သူတို့ဂိတ်အနားရောက်တော့ သူကားမရပ်ပေးဘူး။ သူက ဒီတိုင်းကားမောင်းသွားတယ်။ အဲချိန်မှာ KIAက သူ့ကားကို သေနတ်နဲ့ ပစ်လိုက်တယ်။ သူ့ပခုံးနှစ်ဖက်စလုံးထိသွားတယ်။ အဲနောက် ဒေသခံတွေက ဆန္ဒလာပြပြီး သူတို့ဂိတ်လာဖျက်ဆီးသွားတယ်”

KIAတပ်ဖွဲ့က အဲဒီအမျိုးသားကို ပစ်ခတ်လိုက်ပြီးနောက် အဲဒီအနီးအနားမှာရှိတဲ့ ဒေသခံတွေက ၎င်းတို့ရဲ့ ဂိတ်ကို သွားရောက်ဖျက်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။
KIA အဖွဲ့ ပစ်ခတ်လိုက်တဲ့ အဲဒီအမျိုးသားဟာ မူဆယ်မြို့နယ် နမ့်စန်ရွာက ဒေသခံဖြစ်ပြီး လက်ရှိမှာတော့ ရွှေလီမြို့မှာ ဆေးကုသခံယူနေရတာ ဖြစ်ပါတယ်။
မူဆယ်မြို့နယ် နမ့်လိုင်ကျေးရွာနဲ့ နမ့်လောင်းကျေးရွာကြားမှာ KIAတပ်တွေက ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်မှာ စစ်ဆေးဂိတ်ဂိတ်ကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။