သတင်းဓာတ်ပုံ
မိုင်းရူပ၊ ဇွန်လ ၂၆ ရက်၊ နမ့်ဆန်
ဒီနေ့ ဇွန်လ ၂၆ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်- PSLF/TNLA က ကျပ် ၂၀ ဘီလီယံ (သိန်းပေါင်း နှစ်သိန်း)တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို လူထုရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အခမ်းအနားကို တအာင်းဒေသ နမ့်ဆန်မြို့မှာ ပြုလုပ်ခဲ့ပြီး ဒီနေ့ မီးရှို့ဖျက်ဆီးတဲ့ မူးယစ်ဆေးဝါးတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်ပါတယ်။
တအာင်းတပ်ရဲ့ စာရင်းအရ မီးရှို့ဖျက်ဆီးတဲ့ မူးယစ်ဆေးဝါးတွေထဲ ဘိန်းဖြူ (၁၀၈.၇၄)ကီလိုဂရမ်၊ ယာမ စိတ်ကြွဆေးပြား (၆၁၆.၃)ကီလိုဂရမ်၊ ဘိန်းမဲ (၁၉.၄၀၉)ကီလိုဂရမ် ဖြစ်ပါတယ်။
ဒါ့အပြင် မီးရှို့ဖျက်ဆီးတဲ့ မူးယစ်ဆေးဝါးတွေထဲ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဆီကနေ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
အခမ်းအနားကို PSLF/TNLA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ ဗိုလ်မှူးချုပ် တားဂူဇာရ်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်နဲ့ ဒေသခံလူထု ၅၀၀ ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။
မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို PSLF/TNLA က ၆ ကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့တာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။