ရွှေဖီမြေ၊ သြဂုတ် ၈ ရက်၊ နမ္မတူ
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ်အတွင်း မူးယစ်ဆေးဝါး၊ လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်း သိမ်းဆည်းထားသူတစ်ဦးကို မြို့နယ် တအာင်းရဲတပ်ဖွဲ့နဲ့မူးယစ်အထူးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
မနေ့ သြဂုတ် ၇ ရက် ည ၇ နာရီခွဲက ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးပြီး တရားမဝင်လက်နက်၊ ဖောက်ခွဲရေးပစ္စည်း လက်ဝယ်ထားရှိသူတစ်ဦးရဲ့ နေအိမ်ထဲကနေ ယာမဆေးပြား ၃၇ဝ ပြား၊ ဘိန်းမည်း၊ ဘိန်းဆီခဲအပြင် ဘိန်းမည်းနဲ့ ရောချက်ထားတဲ့ ခါခူး၊ လက်နက်နဲ့ဖောက်ခွဲရေးပစ္စည်းကို သိမ်းဆည်းရမိခဲ့ကြောင်း တအာင်းရဲတပ်ဖွဲ့(ဗဟို)က ဒီနေ့ညနေ ၅ နာရီခန့်မှာ သတင်းထုတ်ပြန်ထားပါတယ်။
တအာင်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဖမ်းဆီးရမိတဲ့ ရပ်ကွက်၊ ကျေးရွာနာမည်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိထားသူကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေနဲ့ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။