ရွှေဖီမြေ၊ ဇူလိုင် ၂၆ ရက်၊ မူဆယ်
ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်-၁၀၅ မိုင်လမ်းပိုင်းရှိ မူဆယ်မြို့ပြင် တိုးဂိတ်ကို စစ်ကောင်စီဘက်က ပြန်လည်ပြင်ဆင်ထားပြီး ဖြတ်သန်းသွားလာတဲ့ ကားသမားတွေထံ ငွေစတောင်းကြမ်းနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။
မူဆယ်မြို့ပြင် တိုးဂိတ်ကို စစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့ ဇူလိုင်လ တတိယအပတ်မှာ ပြန်လည်ပြုပြင်ထားပြီး ကားပေါ်မှာ တင်ဆောင်တဲ့ ကုန်အမျိုးအစားအပေါ် မူတည်ပြီး ကျပ် ၂ သောင်းကနေ ၁ သိန်းဝန်းကျင်အထိ ငွေတောင်းနေတယ်လို့ ကိုယ်တိုင်ပေးဆောင်ခဲ့ရတဲ့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မူဆယ်တိုးဂိတ်မှာ အရင်က သဲအိတ်၊ တာယာနဲ့ လုပ်ထားတဲ့ ဂိတ်တွေ အကုန်ဖြုတ်လိုက်ပြီ။ တိုးဂိတ်ထဲမှာလည်း အရင်လို တစ်လမ်းမောင်း မဟုတ်တော့ဘူး။ နှစ်လမ်းမောင်း ဖြစ်သွားပြီ။ ငွေတော့ တင်တဲ့ပစ္စည်းအပေါ်မှာ မူတည်တာပေါ့။ ကားတစ်စီးကို အနည်းဆုံး ၂ သောင်းပေးရတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် တရုတ်ကုန်တင်တဲ့ ကားတွေကို ဂိတ်စောင့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေ တင်းကြပ်နေပြီး ငွေပေးပြီးမှသာ ဖြတ်သန်းခွင့်ပြုတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“သူတို့ပါးစပ်မှာတော့ တရုတ်ကုန်တင်ရင် ပေးမဖြတ်ဘူးလို့ ပြောတာပဲ။ ဒါပေမဲ့ ပိုက်ဆံပိုပေးရင်တော့ ပေးဖြတ်တာပေါ့”
ရှမ်းမြောက်မှာ စစ်ကောင်စီတပ်အပြင် တအာင်းတပ်- TNLA၊ ကိုးကန့်တပ်- MNDAA၊ ကချင်တပ်- KIA နဲ့ ရှမ်းတပ်- SSPP တပ်ဖွဲ့တွေကိုပါ ကားသမားတွေက အခွန်ပေးဆောင်နေရတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူကတော့ လမ်းပိုင်းတွေမှာ ငွေကြေးအဆမတန် ကောက်ခံတဲ့ တိုင်ကြားချက်ရှိရင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့အညီ အရေးယူမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ မေးမြန်းချက်ကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။