ပို့လဘား၊ မတ်လ ၂၄ ရက်၊ နမ့်ခမ်း
တအာင်းတပ်- PSLF/ TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ်မှာ ဓာတ်ဆီ တစ်လီတာကို ၂ သောင်းကျပ်နဲ့ ဝယ်ယူနေရပြီး ဆိုင်တချို့လည်း ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပန့်ဆီဆိုင်တွေမှာ ဓာတ်ဆီတစ်လီတာကို ၁ သောင်း ၃ ထောင်ကျပ်နဲ့ ဝယ်ယူလို့ရပေမဲ့ မနက်ပိုင်းမှာသာ ပန့်ဆိုင်တွေက ဖွင့်လှစ်တာဖြစ်ပြီး လမ်းဘေးဈေးဆိုင်တွေမှာတော့ ဓာတ်ဆီတစ်လီတာကို ၂ သောင်းကျပ်နဲ့ ဝယ်ယူနေရတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ဒီမနက် ဖွင့်တဲ့ဆိုင်က ၃ ဆိုင်ပဲ ရှိမယ်။ ပန့်ဆီဆိုင်တွေ ပိတ်လို့လေ။ လမ်းဘေးမှာ ရောင်းတဲ့သူတွေက ဈေးတင်ကြတာ။ ဓာတ်ဆီ မရှိလို့လည်း ပါတယ်။ လမ်းဘေးဆိုင်တွေမှာတောင် ဝယ်လုနေရတာ။ စနေနေ့တုန်းက ဝင်ဖြည့်တာ ၁ သောင်း ၇ ထောင်။ မနေ့ ပန့်ဆီဆိုင်မှာ ဖြတ်သွားတာ ၁ သောင်း ၃ ထောင်ပဲ ရှိတယ်။ ဒီနေ့ ပန့်ဆီဆိုင်မှာလည်း မရှိတော့လို့ လမ်းဘေးမှာ သုံးဘီးတွေနဲ့ ရောင်းတဲ့ဟာတွေပဲ ထည့်တာ ၂ သောင်းတဲ့”
အလားတူ တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ္မတူမြို့မှာလည်း ဓာတ်ဆီ ပြတ်လပ်နေတာကြောင့် ဆီဆိုင်တွေ ပိတ်ထားရတယ်လို့ နမ္မတူဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ပန့်ဆီဆိုင်တွေလည်း အကုန်ပိတ်ထားတော့ ရောင်းစရာ မရှိတော့ဘူးလေ ဝယ်မရတော့ဘူး။ မနေ့က လားရှိုးဘက်ကနေ မှာရောင်းမလို့ လားရှိုးမှာလည်း ၁ သောင်း ၂ ရာနဲ့ ၁ သောင်း ၁ ထောင်လောက် ရှိနေပြီ”
နမ့်ခမ်းမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ်နိုင်ငံကနေ စက်သုံးဆီတွေ ဝယ်ယူခွင့် ရနေပေမဲ့ ဒီရက်ပိုင်းမှာ စက်သုံးဆီ ထပ်မံ ဝယ်ယူလို့ ရမရကိုတော့ သေချာမသိရသေးပါဘူး။
နမ့်ခမ်းမှာ တအာင်းတပ်ရဲ့ နမ့်ခမ်းမြို့နယ် လောင်စာဆီ ကြီးကြပ်ရေးကော်မတီက ပန့်ဆီဆိုင်တွေ လိုက်နာရမယ့် စည်းကမ်းချက်ကို ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်မှာ ထုတ်ပြန်ထားပြီး ထုတ်ပြန်ချက်ထဲမှာတော့ စက်သုံးဆီ ဈေး ကစားတာ၊ အဆင့်မမှီတဲ့ စက်သုံးဆီတွေကို ရောနှောရောင်းချတာတွေ မပြုလုပ်ဖို့ ပါဝင်ပါတယ်။
အီရန်နဲ့ အစ္စရေး၊ အမေရိကန်တို့ရဲ့ စစ်ပွဲကြောင့် ကမ္ဘာ့စက်သုံးဆီ သယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် မြန်မာအပါအဝင် နိုင်ငံအများစုမှာ စက်သုံးဆီကို အကန့်အသတ်နဲ့သာ ရောင်းချနေကြတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။