ပပ၊ ဩဂုတ် ၁၉ ရက်
မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စု ခိုတိန်ရွာအနီးရှိ တစ်နှစ်ကျော်ကြာ အခြေချခဲ့တဲ့ ရာနဲ့ချီတဲ့ တရုတ်ကျားဖျန့်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်မှာ ပြောင်းရွေ့သွားခဲ့ပေမဲ့ တချို့က နမ့်ဖတ်ကာနဲ့ ကွတ်ခိုင် အနီးတဝိုက်မှာ ပျောက်ဆုံးနေကြောင်း ဖြစ်စဉ်သိရတဲ့အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
၎င်းကျားဖျန့်အင်အား ၆၀၀ ဝန်းကျင်ဟာ လူစုခွဲပြီး တချို့က နမ့်ခမ်းမြို့နယ် ၁၉ ရွာဘက်၊ တချို့က ကြူကုတ် ပန်ဆိုင်းဘက်၊ တချို့က နမ့်ဖတ်ကာ ကျိုက်ထီးရိုးအနီးဝန်းကျင်နဲ့ ကွတ်ခိုင်မြို့အနီးရှိ နွားခြံဘက်သွားကြကြောင်း ဆိုပါတယ်။
သတင်းအရင်းအမြစ်တဦးက “သူတို့က သတင်းအစအနဖျောက်တာဖြစ်မယ်။ တစ်ဖက်သွားမယ်ဆိုပြီး နောက်တစ်ဖက် သွားနေကြတယ်။ အသိတွေကပြောတာက နွားခြံထဲ ဝင်စုကြတာတဲ့။ အခုလုံခြုံရေး တအားပေးထားတာတွေ့တယ်” လို့ ပြောပါတယ်။
၎င်းကျားဖျန့်တွေကို ရှမ်းတပ် SSPP တပ်က ခေါ်ဆောင်ရွှေ့ပြောင်းပေးနေကြောင်းနဲ့ MNDAA ကလည်း ပါဝင်ကြောင်း သတင်းအရင်းအမြစ်က ဆိုပေမဲ့ ရွှေဖီမြေက သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။
ဖြစ်စဉ်နဲ့ပတ်သတ်ပြီး အတည်ပြုချက်ရဖို့ SSPP နဲ့ MNDAA ကို ကြိုးစားဆက်သွယ်ပေမဲ့ မရခဲ့ပါဘူး။
၎င်းကျားဖျန့်တွေ ပြောင်းရွှေ့တာဟာ မူဆယ်မြို့ရှိ ကျားဖျန့်တချို့က မော်တောင်းအုပ်စု ခိုတိန်ရွာသို့ ပြောင်းရွှေ့နေကြောင်းဆိုတဲ့ သတင်းထွက်ပေါ်တာကြောင့်ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။