ရဲမာန်၊ ဧပြီ ၉ ရက်၊ အရာတော်
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကမ်းပြူရွာက ဘုန်းကြီးကျောင်း အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ သံဃာတော် ၂ ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဧပြီ ၈ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်း ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ဘုန်းကြီးကျောင်း ၃ ကျောင်းလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“ကာကွယ်ရေးအဖွဲ့တွေ တပ်နေရာ ယူထားတာတွေလည်း လုံးဝ မရှိပါဘူး။ ဘုရားဝင်းအတွင်းကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာပါ” ဆိုပြီး ၎င်းက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၂ ရက် ည ၉ နာရီဝန်းကျင်မှာလည်း စစ်တပ်က အရာတော်မြို့နယ် တောင်ပိုင်းတစ်နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၅ နှစ်အရွယ် ကလေးတစ်ဦးနဲ့ မိခင်အပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ် ၃ နာရီခွဲမှာလည်း စစ်တပ်က အရာတော်မြို့နယ်တောင်ပိုင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ခရီးသွား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။