ရွှေဖီမြေ၊ ဧပြီ ၉ ရက်၊ ကွတ်ခိုင်
ရှမ်းမြောက် မူဆယ်မြို့ကနေ ကွတ်ခိုင်မြို့ဘက် အလုပ်လုပ်ဖို့လာတဲ့ အမျိုးသားတစ်ဦးနဲ့ တစ်လနီးပါး ကြာတဲ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်ဆီက သိရပါတယ်။
အသက် ၃၀ အရွယ် ကိုကျော်သူအောင်ဆိုသူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်မှာ မူဆယ်ကနေ ကွတ်ခိုင်ဘက် အလုပ်လုပ်ဖို့ဆိုပြီး ဆင်းလာခဲ့ရာ ကိုးကန့်တပ်- MNDAA နဲ့ တအာင်းတပ်- TNLA တို့ တိုက်ပွဲ မဖြစ်ခင်အထိ ၎င်းနဲ့ အဆက်အသွယ် ရခဲ့ပေမဲ့ တိုက်ပွဲ ဖြစ်ပွားချိန်ကစပြီး အဆက်အသွယ် ပြတ်တောက်သွားတယ်လို့ ၎င်းရဲ့မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“အိမ်က ထွက်သွားတာတော့ ၁ လပိုင်း ၃ ရက်နေ့ကတည်းက ထွက်သွားတာ။ အဲတောက်လျှောက် အဆက်အသွယ် ရသေးတယ်။ တရုတ်နှစ်သစ်ကူးလောက်ကို ရသေးတယ်။ သူများ အဲဒီကွတ်ခိုင်မှာ စစ်ဖြစ်လိုက်သေးတယ်နော်။ အဲဒီစစ်ဖြစ်တဲ့အချိန်ကစပြီး အဆက်အသွယ် မရတော့ဘူး”
ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်က ဝင်ရောက်မတိုက်ခင်အထိ မိသားစုဝင်က ကိုကျော်သူအောင်နဲ့ အဆက်အသွယ်ရခဲ့ပြီး အဲဒီအချိန်မှာ ၎င်းက ကွတ်ခိုင် ရပ်ကွက်(၈)မှာ ယာဉ်မောင်းအဖြစ် လုပ်ကိုင်နေခဲ့တယ်လို့ ဆိုပါတယ်။
မိသားစုဝင်က စိတ်ပူနေတာကြောင့် ကိုကျော်သူအောင်ကို တွေ့ရှိသူတွေအနေနဲ့ ရွှေဖီမြေကနေတဆင့် ဆက်သွယ်အကြောင်းကြားပေးဖို့ကို မိသားစုဝင်က တောင်းဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။