လွေးလာဝ်ဇာရ်၊ ဧပြီ ၂၁ ရက်၊ တန့်ဆည်
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်က ကံထူးမရွာဈေးတန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦး ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ ပေါင် ၂၀၀နဲ့ ဗုံး ၈ လုံးလာရောက်ကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံ တစ်ဦးက “ပထမအကြိမ်က နှစ်နေရာ ၄ လုံး။ ဒုတိယလည်း နှစ်နေရာ ၄ လုံးလာချတာ။ ပထမ လာချတဲ့အချိန်မှာ ကား၊ ဆိုင်ကယ်အရောင်းဆိုင်ပေါ်လာချတယ်။ အနောက်ရပ်ကွက်အိမ်တွေပေါ်လည်း ကျတယ်။ သေဆုံးတာ မကြားရသေးဘူး။ ဒဏ်ရာဘဲ ရကြတာ။ လာပစ်တဲ့ ဗုံးအမျိုးအစားက ပေါင် ၂၀၀ လို့ ယူဆရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆိုင်ကယ်ပြင်ဆိုင်ရဲ့အနီးတဝိုက်ကဆိုင်ခန်းတချို့နဲ့ ဒေသခံတွေရဲ့ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက်နေထိုင်ကြဖို့ အထက်ပါ၎င်းက တိုက်တွန်းပြောဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။