မိုင်းရူပ၊ သြဂုတ် ၇ ရက်၊ ဒီးမော့ဆို
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ သြဂုတ် ၆ ရက် ည ၆ နာရီဝန်းကျင်မှာ စစ်တပ်က ဒီးမော့ဆိုအနောက်ခြမ်းကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။
“ကျတဲ့နေရာက ကျမတို့နေတဲ့နားလေးပဲ။ ၃ ခါလောက် လာကြဲတယ်။ ဦးလေးတစ်ယောက် ဆုံးသွားတယ်။ တစ်ယောက် ဒဏ်ရာ ရတယ်။ ပြီးတော့ စာသင်ကျောင်းတွေလည်း ပျက်စီးသွားတယ်” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သေဆုံးသွားတဲ့ အမျိုးသားဟာ ဒေါ်ငံခါးရွာ တိုက်ပွဲကြောင့် ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ရှောင်လာပြီး ရက်ပိုင်းအကြာမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
ဒီးမော့ဆိုမြို့နယ် ဒေါ်ငံခါးရွာဝန်းကျင်မှာတော့ စစ်တပ်နဲ့ ကရင်နီတော်လှန်ရေးတပ်တွေအကြား စစ်ရေး ဆက်လက် တင်းမာနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်မှာ ကရင်နီပြည် ဖရူဆိုမြို့နယ်ထဲကတစ်နေရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးအပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။