ရွှေဖီမြေ၊ ဧပြီ ၇ ရက်၊ ရွှေဘို
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်က စစ်ရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး သံယာတော် ၁ ပါးအပါအဝင် ၂ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဧပြီ ၆ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ရွှေဘိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဆင်အင်းရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“သံဃာတော်နဲ့ အမျိုးသမီး ၁ ဦး သေတာပါ။ အဲအမျိုးသမီးကျ ခြေထောက်ထိတာ။ သွေးထွက်လွန်လို့ ဆေးကုသတဲ့အချိန်မှာ ဆုံးသွားတာ။ အဆောက်အဦးပျက်စီးတာတွေလည်း ရှိတယ်။ ဒီဘက်ဒေသဘက် လေကြောင်းမကြာခဏ တိုက်ခိုက်ခံနေရတာလေ။ အထူးသတိထားရမှာ” လို့ အဆိုပါ ဒေသခံအမျိုးသားက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေအပြင် နောက်ထပ်စစ်ရှောင် ၈ ဦးလည်း ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၃ ရက် ညနေ ၅ နာရီ ၅ မိနစ်မှာလည်း စစ်ကိုင်းတိုင်း မြောင်မြို့နယ် နဘက်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းအပါအဝင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက နယ်မြေတွေကိုလည်း စစ်ကောင်စီတပ်ဟာ မြေပြင်ထိုးစစ်တွေ ဆက်တိုက်လုပ်ဆောင်နေသလို လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်တာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ်ရက်ဆက် ရှိနေပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေထဲမှာ စစ်ကိုင်းတိုင်းက အများဆုံး တိုက်ခိုက်ခံရပြီး မကွေးတိုင်းက ဒုတိယအများဆုံး ဖြစ်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက် ထုတ်ပြန်ချက်အတွင်း ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။