ရဲမာန်၊ ဧပြီ ၁ ရက်၊ ဘုရားသုံးဆူ
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မတ်လ ၃၁ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ဘုရားသုံးဆူမြို့နယ် မောဖာထောရွာအနီးကို စစ်ကောင်စီတပ်က ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။
၎င်းက “မိန်းမကြီး ၂ ယောက် သေသွားတယ်။ ကလေး ၃ ယောက်လည်း ဒဏ်ရာရသွားတာ။ ဒီလို လူမဆန်တဲ့ လုပ်ရက်တွေဟာ စစ်သရဲဘောကြောင်တဲ့ အလုပ်တွေဘဲ” လို့ ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုနဲ့ ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တွေလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အလားတူ မနေ့ မတ်လ ၃၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ တံတာဦးတက် ဂျက်ဖိုက်တာနဲ့ မင်းတပ်မြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တွေပါ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။