ဝတ်ရည်၊ ဧပြီ ၁ ရက်၊ သဲတွဲ
အာရက္ခာတပ်တော် – AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ ဧပြီ ၁ ရက် မနက် ၁၁ နာရီမှာ သံတွဲမြို့နယ်ကို ဂျက်ဖိုက်တာ ၄ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် သေဆုံးသူတွေအပြင် ကလေး ၂ ဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးလည်း ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက “စစ်ရှောင်တွေ နေတဲ့အနီးမှာ ကြဲတာလို့ သိတယ်။ မိသားစုလိုက် ၃ ယောက်လုံး သေတာ။ ဒေသခံတွေအနေနဲ့ လေကြောင်းကိုတော့ အထူးသတိထားရမှာ” လို့ ပြောပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုဟာ တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်မှာ ရခိုင်ပြည်ကို ပစ်မှတ်ထားပြီး မိသားစုအလိုက် သေဆုံးစေတဲ့ ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်ကလည်း ပလက်ဝမြို့နယ် ကြောင်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၇ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၂ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။