ရွှေဖီမြေ၊ ဇွန်လ ၅ ရက်
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းက ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၃၈ နှစ်အရွယ် ဘာသာရေးဆရာတစ်ဦး သေဆုံးခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်က မနေ့ ဇွန်လ ၄ ရက် ညနေပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ လို့ ယူဆရတဲ့ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ နေထိုင်ရာ နေရာမှာ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
သတင်းရင်းမြစ်တစ်ဦးက “ဒီမော့ဆိုအနောက်ခြမ်း ရွာထဲမှာကျတာ။ မနေ့ ခြောက်နာရီဝန်းကျင် လေယာဉ် ၃ ခါဝဲပြီး ကြဲသွားတာ။ ဒီမော့ဆိုတိုက်ပွဲဖြစ်သံတော့ မကြားသေးဘူးဗျာ။ ရမ်းသမ်းကြဲတာပေါ့ဗျာ။ နေရာအတိအကျမဟုတ်ဘဲနဲ့” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အနီးအနားမှာရှိတဲ့ ဒေသခံ ၂ ဦးလည်း ထိမှန်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးက ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ သူတို့နှစ်ဦးကို ဆေးရုံတင်ထားရတယ်လို့ သူက ဆက်ပြောပါတယ်။
ကရင်နီပြည်နယ် ဒီမော့ဆိုမြို့အနောက်ဖက်ခြမ်းရှိ ကျေးရွာတွေအပါအဝင် စစ်ရှောင်တွေနေထိုင်တဲ့ နေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှု မကြာခဏလုပ်လေ့ရှိသလို ရွှေဖီမြေရရှိထားတဲ့ အချက်အလက်အရ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလ ၃၁ ရက်မှာလည်း ကရင်နီပြည်နယ် လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် သားအမိ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။