ပို့လဘား၊ ဇူလိုင် ၁၅ ရက်၊ မြိုင်
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံ အမျိုးသား ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း- မြိုင်ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်က မြိုင်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ် ကန်နက်ကျေးရွာက အသက် ၅၀ နှစ်ကျော်အရွယ်နဲ့ အသက် ၆၀ ကျော်အရွယ်ရှိတဲ့ အမျိုးသားနှစ်ဦး၊ ကိုင်းတောမကျေးရွာက အသက် ၅၆ နှစ်ရှိတဲ့အမျိုးသားတစ်ဦးနဲ့ မြင်းကိုးသစ်ရွာက အသက် ၆၇ နှစ်အရှယ်ရှိတဲ့အမျိုးသားတစ်ဦး စုစုပေါင်း အမျိုးသား ၄ ဦး ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
“ကန်နက်ရွာ အမျိုးသားနှစ်ဦးက ရွာရဲ့ အပြင်ဘက် တောထဲမှာ စစ်ရှောင်နေရင်းနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတယ်။ မြင်းကိုးသစ်ရွာက တစ်ယောက်ကျတော့ သူ့တဲကို နွားစာပြန်ကျွေးတဲ့အချိန်မှာ စစ်ကြောင်းထိုးလာတဲ့စစ်တပ်တွေနဲ့ တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံရတယ်။ ကိုင်းတောမရွာက အမျိုးသားကျတော့ စစ်ရှောင်ရင်း ဖမ်းဆီးသတ်ဖြတ်ခံရတယ်။ သူတို့ရဲ့အလောင်းတွေကို မြေမြှုပ်ပြီး ဖျောက်ဖျက်ထားခဲ့ပါတယ်”
ဒါ့အပြင် ဒီနေ့ ဇူလိုင် ၁၅ ရက် မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က မြိုင်မြို့နယ် ညောင်းကုန်းကျေးရွာ၊ ကိုင်းတောမကျေးရွာ၊ ထန်ငယ်တောကျေးရွာက နေအိမ် ၅၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တာလည်း ရှိပါတယ်။
စစ်ကောင်စီတပ်ဟာ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတာကြောင် ကျေးရွာ ၁၆ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကလည်း စစ်ကောင်စီတပ်က မြိုင်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာပြီး သာစည်ရွာက အသက် ၆၁ နှစ်အရွယ် ဦးဝင်းရွှေ၊ နှမ်းဆီကန်ရွာက အသက် ၅၆ နှစ်အရွယ် ဦးမြင့်ဦး၊ မြေရင့်ရွာက စိတ်ကျန်းမာရေးချို့ယွင်းသူ အသက် ၄၀ နှစ်အရွယ် ကိုကျော်လွင်၊ မိတ္ထိလာရွာက အသက် ၃၂ နှစ်အရွယ် ကိုနေဇော်နဲ့ အသက် ၃၃ နှစ်အရွယ် ကိုမင်းမင်းဦး တို့ကို သတ်ဖြတ်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။