ရွှေဖီမြေ၊ မတ်လ ၁၅ ရက်၊ ၁၀၅ မိုင်
ညီနောင်မဟာမိတ် ၃ဖွဲ့ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင်ထဲကို ကိုးကန့်တပ် MNDAA က အဝင်အထွက်ကို ပိတ်ထားကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီနေ့ မတ်လ ၁၅ ရက် မနက် ၉ နာရီ ဝန်းကျင်ကစပြီး ၁၀၅ မိုင်ထဲ ကား၊ ဆိုင်ကယ် အဝင်အထွက် ပေးမလုပ်တော့ဘဲ ပိတ်ထားတာ ဖြစ်ပါတယ်။
ဒေသခံ အမျိုးသားက “အရေးပေါ် သောက်ဆေးသွားဝယ်မယ်ပြောလည်း မရဘူးတဲ့။ လုံးဝမရဘူးတဲ့” လို့ ပြောပါတယ်။
ကိုးကန့်တပ်က ၁၀၅ မိုင်ထဲ ပေးမဝင်တာဟာ ဒေသခံတွေရဲ့ လုံခြုံရေးကို စိုးရိမ်တာ ဖြစ်ကြောင်း အထက်ပါ အမျိုးသားက ဆိုပါတယ်။
လက်ရှိသတင်းရေးသားချိန် နေ့လယ် ၃ နာရီအထိ အသွားအလာ ပိတ်ထားဆဲလို့ ဆိုပါတယ်။
၁၀၅ မိုင်အပြင် အနီးဝန်းကျင်က ကျေးရွာက ဒေသခံတွေကိုလည်း တာဝန်ရှိသူတွေက မလိုအပ်ပါက အပြင်သို့ သွားလာတာ မလုပ်ဖို့လည်း ပြောကြားထားတယ်လို့ ဆိုပါတယ်။
နောက်ထပ် ၁၀၅ မိုင်အနီးရှိ ရွာခံအမျိုးသမီးက “မနက်ကတော့ မူဆယ်ဘက်အထွက်ရသေးတယ်။ ကွတ်ခိုင်ဘက်အထွက် ပိတ်တာ။ နမ့်ဟွယ်ဘက်အထွက်ရော ပိတ်ထားတာ” လို့ ပြောပါတယ်။
အလားတူ လားရှိုး-နမ္မတူကြားရှိ အီနိုင်းတံတားကိုလည်း ကိုးကန့်တပ်က ပိတ်ထားပြီး ကုန်စည်စီးဆင်းမှုကိုလည်း ပိတ်ထားပါတယ်။
ကိုးကန့်နဲ့တအာင်းတပ်တို့ တိုက်ပွဲကြောင့် ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာက ဒေသခံတချို့က တိမ်းရှောင်နေရသလို ဒေသခံအများစုက တိုက်ပွဲကြား ပိတ်မိနေကြကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။